လွိုင်လင်မြို့ မင်္ဂလာအနောက်ကျောင်းတိုက်ဆရာတော်၏ ဝိဇာတသက်တော်ကူးမင်္ဂလာကျင်းပ

လွိုင်လင် ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ မင်္ဂလာအနောက်ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဝိမလမဉ္ဇူ၏ သက်တော်(၇၅)နှစ်ပြည့် ဝိဇာတသက်တော်ကူး မင်္ဂလာပွဲကို ယနေ့ကျင်းပပါသည်။

ဆရာတော်၏ ဝိဇာတသက်တော်ကူးမင်္ဂလာ အခမ်းအနားသို့ လွိုင်လင်မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ရှိ သံဃာတော်များ ၊ ဌာနဆိုင်ရာများ ၊ မြို့ပေါ်နှင့်ကျေးရွာများမှ ဆရာတော်၏ တပည့်ဒါယကာ ၊ ဒါယိကာမများ တက်ရောက်ကြသည်။ အဆိုပါပွဲတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ တေးသီချင်းအကအလှများ၊ ရှမ်းရိုးရာ၊ ပအိုဝ်းရိုးရာ တီးဝိုင်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြီး ဧည့်ပရိသတ်များအား စတုဒိဿာဖြင့်ကျွေးမွေးပါသည်။ မွန်းလွဲတွင် ဆရာတော်၏ တစ်နှစ်တာအတွင်းဆောက်လုပ်လှူဒါန်းခဲ့သည့် သာသနိကအဆောက်အဦများ၊ လမ်းတံတားခင်းခြင်း လုပ်ငန်းများအတွက် ရေစက်သွန်းချအမျှပေးဝေလှူဒါန်းခြင်းကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လွိုင်လင်မိုး