ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၆၂)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာဓမ္မာနုဂ္ဂဟစာမေးပွဲကြီးကို၊ တပိုတွဲလဆန်း(၁)ရက်နေ့ ဇန်နဝါရီ(၂၉)ရက်နေ့မှစတင်၍ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမ္မန်တော်ကြီးတွင် ကျင်းပခဲ့ရာ ဇန်နဝါရီ(၃၁)ရက်နေ့တွင် တတိယနေ့အဖြစ် ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ (၆၂)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဓမ္မာနူဂ္ဂဟ စာမေးပွဲကြီးကို ပထမကြီးတန်း(၁၆)ပါး၊ ပထမလတ်တန်း(၄၈)ပါး၊ ပထမငယ်တန်း(၁၀၀)ပါး၊ အခြေပြုမူလတန်း(၁၂၈)ပါး၊ ဒုတိယအဆင့်(၁၁၇)ပါးနှင့် ပထမအဆင့်(၁၆၆)ပါး စုစုပေါင်း(၅၇၅)ပါးတို့ ဝင်ရောက်ဖြေဆိုတော်မူကြကြောင်းသိရပြီး စာမေးပွဲကို မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့၏ စီစဉ်မှုဖြင့် ကြီးကြပ်ဆရာတော်(၁၃)ပါးနှင့် လူပုဂ္ဂိုလ်(၈)ဦးတို့က ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ စာမေးပွဲတွင် ပထမကြီးတန်းနှင့် ပထမလတ်တန်းတွင် ဒွေမာတိကာဘာသာ၊ ပထမငယ်တန်း ဘိက္ခုပါတိမောက်၊ အခြေပြုမူလတန်းတွင် ဝိနည်းကျင့်ဝတ်ဘာသာများကို ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရပြီး တပိုတွဲလဆန်း(၁)ရက် (၂၉-၁-၂၀၂၅)ရက်နေ့မှ တပို့တွဲလဆန်း(၆)ရက်(၃-၂-၂၀၂၅)ရက်နေ့အထိ ဖြေဆို၍ တပို့တွဲလပြည့်ကျော်(၈)ရက် (၂၀-၂-၂၀၂၅)ရက်နေ့တွင် ဆက်လက်ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)