ရန်ကုန် ဖေဖော်ဝါရီ ၁
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် ဒသမအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ သီတင်းသုံးတော်မူရာ မဟာနာယကကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ(မိတ္ထီလာဆရာတော်)က ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဓဇ (ပုဇွန်တောင်ဆရာတော်)က ဆောင်ရွက်တော်မူသည်။
အစည်းအဝေးကို “သာသနဿစ လောကဿ” အစချီသော ဂါထာကို ၃ ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်တော်မူကြပြီး ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ (မိတ္ထီလာဆရာတော်)က သြဝါဒကထာ မြွက်ကြားတော်မူသည်။
ထို့နောက် အဋ္ဌမအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ဆဋ္ဌအကြိမ် နဝမအစည်းအဝေးမှတ်တမ်း (ပ-ဆဋ္ဌ ၉/၂၀၂၅)ကို ဖတ်ကြားအတည်ပြုတော်မူကြပြီး ဝိနိစ္ဆယရေးရာတင်ပြချက်များ၊ သာသနာရေးရာတင်ပြချက်များ၊ ပညာရေးရာတင်ပြချက်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်တော်မူကြကာအစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” ၃ ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ(ပထမအဖွဲ့ခွဲ) ဆရာတော်ကြီး ၁၅ ပါးတို့ တက်ရောက်တော်မူကြပြီး သာသနာရေးဦးစီးဌာန၊ သာသနာရေးရာနှင့်ဝိနိစ္ဆယဌာနခွဲ၊ ညွှန်ကြားရေးမှူးနှင့် သာသနာရေးဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြောင်းသိရသည်။
အောင်မြင့်(ပြန်/ဆက်)