နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး စဉ်ဆက်ပညာရေးလုပ်ငန်းဆင့်ပွားသင်တန်း ဖွင့်လှစ်နေမှုကြည့်ရှုအားပေး

လယ်ဝေး ဖေဖော်ဝါရီ ၁

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက ဇဗ္ဗူသီရိမြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်နေသည့် စဉ်ဆက်ပညာရေးလုပ်ငန်းဆင့်ပွားသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

စဥ်ဆက်ပညာရေးလုပ်ငန်းဗဟိုအဆင့်နည်းပြသင်တန်း တက်ရောက်ပြီးသည့် ဆရာ၊ ဆရာမများက နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆက်လက်သင်ကြားပေးမည့် ဆရာ၊ ဆရာမများ၊ ပရဟိတအဖွဲ့များမှ စိတ်ပါဝင်စားသူများ၊ အငြိမ်းစားဝန်ထမ်းများအား ဇန်နဝါရီ ၂၇ ရက်မှ ၃၁ ရက်နေ့အထိ ငါးရက်ကြာ ဆင့်ပွားနည်းပြသင်တန်း သင်ကြားပို့ချခဲ့ခြင်းဖြစ်ပြီး သင်တန်းသား/သူ ၁၂၀ ဦးတက်ရောက်ခဲ့သည်။

အဆိုပါ ဆင့်ပွားသင်တန်းတက်‌ရောက်ပြီးပါက မြို့နယ်(၈)မြို့နယ်အတွင်း စာသင်ဝိုင်းများ၊ ဟောပြောပွဲများ၊ ပညာပေးလုပ်ငန်းများကို ဖေဖေါ်ဝါရီ ၁ ရက်မှ မတ်လကုန်အထိ တစ်နေ့ သုံးနာရီ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင်သည် ယမန်နေ့ နေ့လယ်ပိုင်းက ပုဗ္ဗသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၂၁)အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိကာ ကျောင်းအုပ်ကြီး၊ ဆရာဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော ကျောင်းဝန်းဖြစ်စေရေး ကျောင်းသားကျောင်းသူများ တန်းစဉ်ကူးပြောင်းရေး၊ တိုးတက်ရေး၊ ပညာရည်မြင့်မားရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ လယ်ဝေးမြို့နယ်၊ ကျောင်းကုန်းကျေးရွာ၊ မူလတန်းကျောင်းရှိ KG ကျောင်းသား၊ ကျောင်းသူလေးများနှင့် မူလတန်းကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးအား နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်ဇနီးဒေါ်ခင်ဌေးလွင် မိသားစုတို့က ကျောင်းတွင်းအာဟာရ နေ့လယ်စာကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)