ပျော်ဘွယ် ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် (၁၀)နာရီခွဲက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း(ပန်းစုံ)တွင် ကျင်းပသည်။
အာဟာရကျွေးမွေးရာ၌ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မာလာနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဦးနှင့် ဆရာ၊ ဆရာမများက ကျောင်းတွင်းအာဟာရကို စနစ်တကျကျွေးမွေးခြင်း၊ အာဟာရအကြောင်း အသိပညာပေးခြင်း၊ ကျောင်းမုန့်ဈေးတန်းများစစ်ဆေးခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ နေ့လည်စာစားပြီး စနစ်တကျသွားတိုက်ခြင်းတို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၄၁)ကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူ (၄၇၈၉)ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို သက်ဆိုင်ရာကျောင်းများ၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)