မိုးနဲ ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြည်သူများ မီးဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်စေရန်၊ သစ်တောများပြုန်းတီးမှု မဖြစ်ရေးအတွက် ရွေ့ပြောင်းတောင်ယာများ ခုတ်ထွင်ခြင်းမှ ထိန်းသိမ်းမှုရှိလာစေရန်၊ တောင်ယာ၊ ဥယာဉ်ခြံများ မီးရှို့ရာ၌ မီးတားစနစ်ဖြင့် ဆောင်ရွက်တတ်စေရန်၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးနှင့် ပြည်သူများ၏ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ပေးနိုင်မှုများရှိစေရန် ရည်ရွယ်၍ မြို့နယ်အဆင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု အန္တရာယ်လျှော့ချရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ် ကမ္ဘောဇခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကိုကိုသက်က မီးခိုးမြူငွေ့ဖြစ်ပေါ်သည့် အဓိကအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့များတွင်ပါဝင်သော လေထုညစ်ညမ်းစေသည့်အရာများ၊ မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်း၍ ဖြစ်ပွားစေနိုင်သော ကျန်းမာရေးဆိုင်ရာဆိုးကျိုးများနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး လုပ်ငန်းစဉ်များကိုလည်းကောင်း ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က လိုအပ်ချက်များပေါ် ဖြည့်စွက်ဆွေးနွေးပေးခဲ့ ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)