မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ (၇)ရွာတွင် စက်ရေတွင်းတူးဖော်ခြင်း၊ မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု ရာနှုန်းပြည့်ပြီးစီး

မိတ္ထီလာ ဖေဖော်ဝါရီလ ၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ (၇)ရွာတွင် စက်ရေတွင်းတူးဖော်ခြင်း၊ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု ရာနှုန်းပြည့်ပြီးစီးဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက် မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာမြို့နယ်တွင် တိုင်းဒေသကြီးရန်ပုံငွေ ကျပ် (၂၇.၆၈၀)သန်းဖြင့် ကျေးရွာနှစ်ရွာတွင်  မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း၊ ဝမ်းတွင်းမြို့နယ်တွင် တိုင်းဒေသကြီးရန်ပုံငွေ ကျပ် (၂၄.၇၄၀၀)သန်းဖြင့် ကျေးရွာနှစ်ရွာတွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်း၊ သာစည်မြို့နယ်တွင် တိုင်းဒေသကြီးရန်ပုံငွေ ကျပ် (၂၅.၆၆၀)သန်းဖြင့် ကျေးရွာသုံးရွာတွင် မြေသားရေကန်တူးဖော်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ၍ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးဖြစ်၍ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ (၇)ရွာမှ အိမ်ခြေ (၁၂၀၉) ၊ လူဦးရေ (၄၉၉၄)ဦးတို့မှ ရာသီမရွေး သောက်သုံးရေ အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)