ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ပေါ်ရှိ ရှေးဟောင်းဘုရား၊ စေတီ၊ သိမ်ကျောင်းဆောင်များနှင့် အဆောက်အဦများအား ပြန်လည်ပြုပြင်ပြီးစီး၍ ရေစက်ချမင်္ဂလာအခမ်းအနားတက်ရောက်

စစ်တွေ   ဖေဖော်ဝါရီ  ၁

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် စစ်တွေမြို့ပေါ်ရှိ ရှေးဟောင်းဘုရား၊ စေတီ၊ သိမ်ကျောင်းဆောင်များနှင့် အဆောက်အဦများအား ပြန်လည်ပြုပြင်ပြီးစီး၍ ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး ရင်ပြင်တော်၌ ကျင်းပရာ သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှတပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးအားဖူးမြော်ကြည်ညိုပြီး ပန်း၊ ဆီမီး၊ ရေချမ်းများကပ်လှူပူဇော်ကြသည်။

ဆက်လက်၍ အခမ်းအနားကို ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းအမှူးပြုသော ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။ ဆက်လက်၍ စစ်တွေမြို့၊ ကြွဖြူကျောင်းတိုက်ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဇေဝန္တ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက ကိုးပါးသီလခံယူ ဆောက်တည် ကြပြီး သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များရွတ်ပွား ချီးမြှင့်တော်မူကြသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက သာသနာရေးဆိုင်ရာများ လျောက်ထားပြီး သံဃာတော် အရှင်သူမြတ်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများကလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် မြို့နယ်ဩဝါဒါစရိယ စစ်တွေမြို့၊ ပညာလင်္ကာရကျောင်းတိုက် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနာဂိန္ဒမဟာထေရ်မြတ်ထံမှ အနုမောဒနတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်များအား စစ်တွေမြို့ပေါ်ရှိ သာသနိကအဆောက်အဦများ ပြုပြင် ထိန်းသိမ်းရေးအဖွဲ့များမှ တာဝန်ရှိသူများက စစ်တွေမြို့ပေါ်ရှိ ရှေးဟောင်းဘုရား၊ စေတီ၊ သိမ်ကျောင်းဆောင်များနှင့် အဆောက်အဦများအား ပြန်လည်ပြုပြင် ဆောင်ရွက်ခဲ့မှုနှင့် ဆောင်ရွက်ပြီးစီးမှုမှတ်တမ်းများကို ရှင်းလင်းလျောက်ထားတင်ပြခဲ့ကြကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)