ဗိုလ်တထောင် ဇန်နဝါရီ ၃၁
လူငယ်များဗလငါးတန်ပြည့်စုံစေရန်၊ အသိပညာတိုးပွားရရှိစေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်က ဗိုလ်တထောင်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဗိုလ်တထောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဟိန်းထက်အောင်က လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က လူငယ်နှင့်ဗလငါးတန်သိမှတ်ဖွယ်ရာခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားမှူးက လူငယ်နှင့်ခေါင်းဆောင်မှုခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညွန့်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်တို့က ကျောင်းအုပ်ဆရာမကြီး ဒေါက်တာတင်မာဝင်းထံသို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်များအား ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာလေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
ခင်ဝင်း( ပြန်/ဆက် )