သန်လျင်၌ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်

ရန်ကုန် ဇန်နဝါရီ ၃၁

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲရေး၊ မီးလောင်မှု၊မီးလန့်မှု မဖြစ်ပွားစေရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညပိုင်းက မီးသတ်ဦးစီးဌာနမှ လက်ယက်စမ်းကျေးရွာအတွင်း အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် လက်ယက်စမ်းကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ် တပ်ခွဲမှူးဦးကျော်အောင်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ကျေးရွာပြည်သူများအနေဖြင့် လျှပ်စစ်မီး၊ မီးဖိုမီး၊ ဖယောင်းတိုင်မီးများနှင့် ခြင်ဆေးခွေများအား ညအိပ်ချိန်တွင် သတိထား၍ စနစ်တကျငြိမ်းသတ်ရန်၊ လျှပ်စစ်မီးပြတ်တောက်နေသည့်အချိန်တွင် မီးခလုတ်များအား သေချာစွာပိတ်ထားရန်၊ နေအိမ်များအလိုက် မီးသတ်ဆေးဘူးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများ ထားရှိဆောင်ရွက်ထားရန်၊ နေအိမ်ခြံဝင်းအတွင်းအမှိုက်များ အားစနစ်တကျရှင်းလင်းထားရန်နှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အမြန်ဆက်သွယ် အကြောင်းကြားရမည့် သက်ဆိုင်ရာမီးသတ်ဦးစီးဌာန ဖုန်းနံပါတ်များအား လိုက်လံအသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

ဖြိုးသီဟ