တာချီလိတ် ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချနိုင်ရေးဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက မိုင်းကိုးကျေးရွာအုပ်စု၊ ပန်ဟတ်ကျေးရွာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေက မြန်မာနိုင်ငံတွင်မီးလောင်မှု (Fire Hotspot)ဖြစ်ပေါ်မှုများ၊ မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ဒေသန္တရအမိန့်ဖောက်ဖျက်ကျူးလွန်သူများအား ထိရောက်သော ပြစ်ဒဏ်ချမှတ်ဆောင်ရွက်နိုင်ရေး၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးထက်က လေထုညစ်ညမ်းမှုနှင့် မီးခိုးမြူငွေ့အန္တရာယ် ဝိုင်းဝန်းကာကွယ်ရေးကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးငြိမ်းထက်အောင်က မီးလောင်းမှုကိုဖြစ်ပေါ်စေသည့် အချက်များနှင့် မီးလောင်မှုကြောင့် လူတို့၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်ဆုံးရှုံးသည့် အချက်များကိုလည်းကောင်း၊ ခရိုင်သစ်တောဦးစီးမှူး ဦးအောင်ထွန်း-၃ က သစ်တောဌာနမှ လက်ရှိဆောင်ရွက်နေသည့် အခန်းကဏ္ဍများ၊ တောမီးလောင်ကျွမ်းမှုအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းရေးကိုလည်းကောင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေး တာဝန်ခံ ဒေါ်မြဥမ္မာက စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများအား မီးမရှို့ဘဲ စိုက်ပျိုးရေးနှင့် မွေးမြူးရေးလုပ်ငန်းများတွင် စနစ်တကျပြန်လည်အသုံးပြုရေးကိုလည်းကောင်း အသီးသီးဆွေးနွေးပြောကြားကာ ပြည်သူများ၏ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာဌာနများက ပြန်လည်ဖြေကြားပေးပြီး ဒေသခံပြည်သူများ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ထိုင်းနိုင်ငံမှ ပေးပို့သည့် မမြင်နိုင်သော လူသတ်သမား PM 2.5 အသိပညာပေး ဗီဒီယိုကို ပြသခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုမှ ကျေးရွာပေါင်း ၈၁ ရွာမှ ဒေသခံပြည်သူ ၂၀၀ ဦးခန့် တက်ရောက်ခဲ့ပြီး မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)