ချမ်းအေးသာစံ ဇန်နဝါရီ ၃၁
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး မြန်မာ့ယဉ်ကျေးမှု ပြက္ခဒိန်ရာဇဝင်စာတမ်းနှင့် မြို့တော်မန္တလေးနှင့် မြန်မာဗီသုကာဒီဇိုင်းစာတမ်းဖက်ပွဲကို Community Centre တွင် ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာတမ်းဖတ်ပွဲတွင် မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကား ပြောကြားပြီး စာတမ်းရှင်များ ဖြစ်ကြသည့် ချမ်းအေးသာစံမြို့နယ် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ (ယာယီ) စာရေးဆရာမ ဒေါ်တင်မမခိုင်- မန်းတက္ကသိုလ်က “ မြန်မာ့ယဉ်ကျေးမှု ပြက္ခဒိန်ရာဇဝင် ” စာတမ်းကိုလည်းကောင်း မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး (ယာယီ) စာရေးဆရာ စိုင်အောင်မိန်း(မိုတိုင်း)က “ မြို့တော်မန္တလေးနှင့် မြန်မာ့ဗိသုကာဒီဇိုင်း ”စာတမ်းတို့ကို ဖတ်ကြား ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ချမ်းအေးသာစံမြို့နယ် စာရေးဆရာအသင်းဝင်များနှင့် မန္တလေးမြို့ရှိ စာရေးဆရာများက ဖတ်ကြားခဲ့သည့် စာတမ်းများနှင့် ပတ်သတ်ပြီး မေးမြန်းဆွေးနွေးရာ စာတမ်းရှင်များက ပြန်လည်ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စာတမ်းဖတ်ပွဲများကို လစဉ်နောက်ဆုံးအပတ် သောကြာနေ့တိုင်း မန္တလေးမြို့ရှိ စာရေးဆရာ၊ စာရေးမများဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းနိုင်