ပြည်ကြီးတံခွန် ဇန်နဝါရီ ၃၁
ကျောင်းသားလူငယ်မောင်မယ်များ စာပေဖတ်ရှုလေ့လာမှု အားကောင်းလာစေရန်နှင့် မိမိတို့အတွေးအမြင်ဗဟုသုတများကို အချင်းချင်းမျှဝေဖလှယ်တတ်စေရန် ရည်ရွယ်၍ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ အ.ထ.က(၃၉) ကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါမြို့နယ်ရှိ အ.ထ.က(၃၉) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အ.ထ.က(၃၉)ကျောင်းရှိ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဦးက အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဦးစီးအရာရှိက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Grade-11 ကျောင်းသူ မလင်းလမင်းရွှေစင်ခက လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မချစ်ငြိမ်းသူက လူငယ်နှင့် Social Media ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မကြယ်စင်သွန်းက လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း တစ်ဦးချင်းအလိုက် ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ခင်စောလွင် (ပြန်/ဆက်)