အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်/ဓာတ်ပုံပြပွဲ ပြုလုပ်

ကျောက်ပန်းတောင်း ဇန်နဝါရီ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်/ဓာတ်ပုံပြပွဲကို ယမန်နေ့ မွန်းလွဲ (၁:၃၀)နာရီက စံပြရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေး ဟောပြောပွဲကို ကျောင်းစုဝေးခန်းမတွင် ပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကို ရှင်းလင်းဟောပြောပြီး၊ ကျောင်းသား/ကျောင်းသူလေးများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးကြသည်။ ယင်းနောက် ကျောင်းရှေ့ မြက်ခင်းပြင်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲအဖြစ် ပြည်ထောင်စုနေ့ဆိုင်ရာ ဆောင်းပါး၊ ကဗျာများ၊ ကာတွန်းများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက်များ ပါရှိသည့် နံရံကပ်စာစောင်နှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းအကြောင်းအရာ မှတ်တမ်းဓာတ်ပုံများ၊ လွတ်လပ်ရေးတိုက်ပွဲအတွက် ကာယ/ဉာဏ စွမ်းအားများဖြင့် တိုက်ပွဲဝင်ခဲ့ကြသည့် စာပေ၊ ဂီတ၊ အနုပညာရှင်ကြီးများ၏ မှတ်တမ်းဓာတ်ပုံများ၊ ပြည်နယ်ပြည်မ မခွဲခြားပဲ တစ်တိုင်းပြည်လုံး လွတ်လပ်ရေးရရှိရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း၏ စည်းရုံး ဟောပြောမှုမှတ်တမ်းများနှင့် တိုင်းရင်းသားခေါင်းဆောင်များ၏ ပင်လုံညီလာခံ တက်ရောက်မှုမှတ်တမ်းများ စသည်တို့ကို ဝေဝေဆာဆာ ချိတ်ဆွဲပြသထားရာ ကျောင်းသား/ကျောင်းသူလေးများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး၊ မြို့နယ်ဦးစီးမှူး‌ ဒေါ်မေ သက်နွယ်နှင့် ဒုတိယဦးစီးမှူး ဒေါ်သဲဖြူတို့က ရှင်းလင်းပြသကြသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်/ဓာတ်ပုံပြပွဲသို့ ကျောင်းအုပ်ဆရာကြီး ဦးတင်မောင်ဝင်းနှင့် ဆရာ/ဆရာမများ၊ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူလေးများ စုစုပေါင်း(၃၅၀)ဦး တက်ရောက် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)