ပြည်ကြီးတံခွန်မြို့နယ်၊ သပြေညိုကိုယ်ပိုင်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပြည်ကြီးတံခွန် ဇန်နဝါရီ ၃၁

ကျောင်းသားလူငယ်မောင်မယ်များ စာပေဖတ်ရှုလေ့လာမှု အားကောင်းလာစေရန်နှင့် မိမိတို့အတွေးအမြင်ဗဟုသုတများကို အချင်းချင်းမျှဝေဖလှယ်တတ်စေရန် ရည်ရွယ်၍  မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျော်ကြားကိုယ်ပိုင်ကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါမြို့နယ်ရှိ သပြေညိုကိုယ်ပိုင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျော်ကြားကိုယ်ပိုင်ကျောင်းရှိ ကျောင်းအုပ်ဆရာကြီး ဦးမြင့်စိန်က အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဦးစီးအရာရှိက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက် ပြီး Grade-7 ကျောင်းသူ မသဲဆုဝေဝေထယ်က လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7 ကျောင်းသူ မချယ်ရီနိုင်က လူငယ်နှင့် Social Media ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-6 ကျောင်းသူ မသက်ထားဇော်က လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့် လည်းကောင်း တစ်ဦးချင်းအလိုက် ဆွေး‌နွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)