ပုဇွန်တောင် ဇန်နဝါရီ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သည့် ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ကျောင်းကျန်းမာရေးလုပ်ငန်းများကို ၁၉၂၁ ခုနှစ်ကတည်းက စတင်ခဲ့ပါကြောင်း၊ နှစ်ကာလရွှေ့လျားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဖွဲ့စည်းပုံအသစ်အရ ကျောင်းကျန်းမာရေးလက်စွဲစာအုပ်ပါ လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် ကျောင်းသား/ကျောင်းသူများကို စာပေသင်ကြားပေးရုံသာမကဘဲ ဘဝတွက်တာကျွမ်းကျင်စရာ (Life Skills Education) ဘာသာရပ်များကို သင်ကြားပေးနေရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်ပြီး ပညာရည်တိုးတက်မြင့်မားစေရေးအတွက် ခြင်ကျား၊ ပိုးလောက်လန်း ကင်းစင်ကျောင်းဖြစ်စေရေးအတွက် အသိပညာပေးဟောပြောပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်ခင်ခင်စန်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန်းလှထွန်းက ကူးစက်တတ်သောရောဂါများအကြောင်းကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်စမ်းစိမ့်စိမ့်သင်းမှ တီဘီရောဂါအကြောင်းကိုလည်းကောင်း၊ သူနာပြုဆရာမကြီးအဆင့်(၁) ဒေါ်နွဲ့မှ အာဟာရအုပ်စု(၃)စုအကြောင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများအကြောင်းကိုလည်းကောင်း၊ ကြီးကြပ်(၂) ဒေါ်တင်မိုးသူမှ သွေးလွန်တုပ်ကွေးရောဂါအကြောင်းကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။ ယင်းနောက် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးနှင့်သက်ဆိုင်သော မေးခွန်းများမေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့သည်။ ဆက်လက်ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းအေးနှင့်အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ဟောပြောပွဲတက်ရောက်လာသူများအား ကျန်းမာရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ကျောင်းအတွင်းလိုက်လံ၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်