ကျောက်ပန်းတောင်း ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်မြို့နယ် မြို့နယ်သံဃနာယကအဖွဲ့ (၂၅%) အနားယူခြင်း၊ အစားထိုးရွေးခြယ်ခြင်းအခမ်းအနားကို၊ ဇန်နဝါရီ (၃၀) ရက်နေ့ မွန်းလွဲ(၁)နာရီက မြို့ဦးအောင်စေတီဘုရားကြီးဝန်းရှိ စကားဝါဓမ္မဗိမာန်တော်ကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နမောတဿ သုံကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကြပြီး၊ အခမ်းအနားမှူး ဆရာတော်က အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်များ၏ အရေအတွက် ဖတ်ကြားလျှောက်ထားပြီး၊ အစည်းအဝေး အထမြောက်ကြောင်း ကြေညာသည်။ ဆက်လက်၍ အစည်းအဝေး သဘာပတိဆရာတော် (တိုင်းသံဃာ့နာယကအဖွဲ့ဝင်) ဘဒ္ဒန္တ ဓမ္မာဝုဓ (မြတ်ရွှေဂူစာသတင်တိုက်)က အစည်းအဝေး အဖွင့်ဩဝါဒကထာ မြွက်ကြားသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး အခမ်းအနားမှူး ဆရာတော်က အနားယူခြင်းလုပ်ငန်း စီမံချက်အရ အနားယူသော ဆရာတော်များစာရင်းကို ဖတ်ကြားကြေညာ၍ ပြန်လည်ရွေးချယ်ရန်အတွက် မူလသတ်မှတ်ထားသည့် သက်ဆိုင်ရာနယ်မြေအလိုက် အမည်စာရင်း တင်သွင်းမည့် အဆိုရှင် မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်ကို ဖိတ်ခေါ်ပြီး၊ တင်သွင်းသည့်အဆိုကို သက်ဆိုင်ရာနယ်မြေအလိုက် မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်များက ထောက်ခံကြခြင်း၊ အစားထိုးရွေးခြယ်ခြင်းများကို သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်တော်မူကြပြီး၊ သဘာပတိဆရာတော်က နိဂုံးချုပ်ဩဝါဒကထာ မိန့်ကြားကာ အခမ်း အနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ပြီးမြောက်ခဲ့ကြသည်။
အခမ်းအနားသို့ တိုင်းသံယာ့နာယကအဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တဓမ္မဝုဓ (မြတ်ရွှေဂူစာသင်တိုက်) နှင့် မြို့နယ်သံဃနာယကအဖွဲ့မှ ဆရာတော် (၁၅) ပါး မြို့နယ်သံယာ့ဝန်ဆောင် ဆရာတော် (၉၈) ပါး၊ စုစုပေါင်း ဆရာတော် (၁၁၄) ပါး တက်ရောက်တော်မူကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်၊ ညောင်ဦးခရိုင်သာသနာရေးမှူး ဦးနေလင်းသိန်း၊ ကျောက်ပန်းတောင်း မြို့နယ် သာသနာရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရှိ ဘုရားစေတီဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ စုစုပေါင်းလူပုဂ္ဂိုလ် (၂၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)