မိုးနဲ ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာနှစ်ရွာအတွက် မြစိမ်းရောင်ကျေးရွာ အရင်းမပျောက်လည်ပတ် ရန်ပုံငွေထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက နမ့်မော်လေကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအာကာဖြိုးက စီမံကိန်းချေးငွေများ ထုတ်ချေးပေးရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး စီမံကိန်းတာဝန်ခံဝန်ထမ်းများက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် မြစိမ်းရောင်ကျေးရွာလုပ်ငန်း အဖွဲ့ဝင်များက နမ့်မော်လေကျေးရွာနှင့် နားလင်းကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ အသင်းသားစုစုပေါင်း (၄၁) ဦးကို ရန်ပုံငွေကျပ် (၄၅၄) သိန်းထုတ်ချေးပေးခဲ့ကြောင်း မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)