နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စုပေါင်းစက်ဘီးစီးပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၃၁

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စုပေါင်းစက်ဘီးစီးပွဲ ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စုပေါင်းစက်ဘီးစီးပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် အောင်မြင်စွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းကဏ္ဍအလိုက် တာ၀န်ပေးအပ်ပြီး စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စုပေါင်းစက်ဘီးစီးပွဲကျင်းပသည့် လမ်းကြောင်းတစ်လျှောက် ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပြီး ပါဝင်စီးနင်းကြသည့် စက်ဘီးသမားအချင်းချင်း ထိခိုက်မှုမဖြစ်အောင်လည်း အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးကြရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး စီမံထားကြရန် လိုအပ်မှာဖြစ်ပါကြောင်း၊ စုပေါင်းစက်ဘီးစီးပွဲကို နေပြည်တော်တွင်ရှိသည့် စက်ဘီးဝါသနာရှင်များအပြင် ကျောင်းသား/သူများ၊ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်ဆင်နွှဲနိုင်ရေး ကြိုတင်လှုံ့ဆော် ကြော်ငြာပေးဖို့ မှာကြားလိုပါကြောင်း၊ စုပေါင်းစက်ဘီးစီးပွဲတွင် ပါဝင်ဆင်နွှဲသူအားလုံးကို ကံစမ်းမဲဖောက်ပေးမည့် အစီအစဉ်လည်း ပါရှိသည့်အတွက် ကံစမ်းမဲများကိုလည်း စနစ်တကျဆောင်ရွက်ကြရန်လိုပါကြောင်း ပြောကြားခဲ့သည်။ 

ထို့နောက် နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်ဇော်က (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စုပေါင်းစက်ဘီးစီးပွဲ ကျင်းပပြုလုပ်မည့် အခြေအနေများနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက စုပေါင်းစက်ဘီးစီးပွဲနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)