ကျောက်ဆည်မြို့နယ် ရှားပင်ကျေးရွာတွင် သင်္ဘောစိုက်ခြင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်  ဇန်နဝါရီ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ယာမြေများတွင် ကာလရှည် သီးပင်စားပင်များ စိုက်ပျိုးကြရာ ရှားပင်ကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော သင်္ဘောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

ရှားပင်ကျေးရွာသည် မြေအောက်ရေနှင့်မြစ်ရေတင်စနစ်ကို အဓိကထားကာ ရာသီအလိုက် သီနှံမျိုးစုံ စိုက်ပျိုးကြကြောင်းနှင့် သင်္ဘောစိုက်ပျိုးခြင်းများနှင့်ပတ်သတ်၍ ပန်းလောင်စမုံမြစ်မှ မြစ်ရေတင်စနစ်ဖြင့် သင်္ဘော (၁) ဧက စိုက်ပျိုးထားကြောင်းနှင့် အပင်သက်တမ်း (၆)လခန့်တွင် ရောင်းတန်းဝင် သင်္ဘာသီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ ရောင်းချသည့်အခါ ပွဲစားများမှ စိုက်ခင်းအနေအထားကိုကြည့်ရှု၍ ရောင်းတန်းဝင်အသီးကုန်သည်အထိ ရောင်းချရန် နှစ်ဦးနှစ်ဘက်စာချုပ်ချုပ်ဆို အသီးရင့်ချိန်တွင် လာရောက်ခူးဆွတ်ပြီး သံသေတ္တာများနှင့်ထည့်ကာ သေတ္တာအရေအတွက်အတိုင်း ကာလပေါက်ဈေးနှင့် ဝယ်ယူကြောင်း အသီးလှိုင်ချိန်တွင် တစ်ကြိမ်ခူးဆွတ်ပါက ငွေကျပ် (၁၈) သိန်းခန့် ရောင်းချရကြောင်း သင်္ဘောစိုက်တောင်သူများ  ပြောပြ၍သိရသည်။

သင်္ဘောစိုက်ပျိုးရာတွင် အပင်သေပျောက်မှု မရှိစေရန်အတွက် မျိုးစေ့များအား ပျိုးအိပ်များဖြင့် သီးသန့်ပျိုးထောင်ပြီး သန်မာသည့်ပျိုးပင်များရွေးချယ်ကာ မြေပြင်ထားသည့် စိုက်ခင်းတွင် ပြောင်းရွှေ့၍ နေရောင်ခြည် ကောင်းစွာရှိစေရန်နှင့် လေအဝင်အထွက်ကောင်းမွန်စေရန်၊ ရေသွင်းရေထုတ် လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်၍ တစ်ပင်နှင့်တစ်ပင်-တစ်တန်းနှင့်တစ်တန်း (၁၀) ပေအကွာအဝေးခန့် စိုက်ပျိုးကြောင်းနှင့် မြေအစိုဓာတ်မပြတ်ရေသွင်း၊ မြေဆီမြေဩဇာ ထည့်သွင်းခြင်းများ ပြုလုပ်ပေးရပြီး လိုအပ်သည့် အချိန်များတွင် ပိုးနှင်ဆေးနှင့်ပိုးသတ်ဆေးများ ဖျန်းပေးရကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)