ကျိုက်ထို ဇန်နဝါရီ ၃၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအစီအစဉ်အရ အခြေခံပညာကျောင်းများ၌ နေ့လယ်စာကျွေးမွေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိကျောင်းပေါင်း(၁၂၀)တွင် KG တန်းတက်ရောက်နေသည့် ကျောင်းသားကျောင်းသူများအား ကျွေးမွေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အာဟာရကျွေးမွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီတွင် အခြေခံပညာအထက်တန်းကျောင်း(ရွှေဥဩ)ကျောင်းနှင့် အခြေခံပညာမူလွန်(ဘူတာ)ကျောင်းရှိ KG ကျောင်းသားကျောင်းသူများအား ကျွေးမွေးနေမှုကို ကျိုက်ထိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်ဗိုလ်မှူးပြည်ထွန်း၊ မြို့နယ်ပညာရေးမှူး ဦးမောင်ညို၊ ကျန်းမာရေးမှူးအဆင့်(၁)ဦးထွန်းညီညီ၊ ကျန်းမာရေးမှူးအဆင့်(၂)ဦးအောင်မိုးဝင်းတို့က ကြည့်ရှုအားပေးခဲ့ကြပြီး ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူ(၃၀၂၄)ဦးအား တစ်ဦးလျှင်(၁၅၀၀)ကျပ်နှုန်းဖြင့် (၃)ရက်ကြာကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်ထို ပြန်/ဆက်