အ.ထ.က(မိုင်းကိုင်)၌ ကျောင်းသားကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း ဆောင်ရွက်

မိုင်းကိုင် ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး KG ကျောင်းသား/ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လည်ပိုင်းက အ.ထ.က(မိုင်းကိုင်)၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းသား‌/ကျောင်းသူများအားလုံး ကျန်းမာရေးနှင့်ညီညွတ်သောအမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရေးအတွက် စနစ်တကျလက်ဆေးခြင်းနည်းလမ်းများကို လက်တွေ့ဆောင်ရွက်စေခြင်း၊ အာဟာရရှိသော အစာအုပ်စု(၃)မျိုးလုံးကို ညီညွတ်မျှတစွာ စားသုံးတတ်သည့်အမှုအကျင့်များရရှိစေရန်အတွက် ထမင်း၊ ဟင်းသီးဟင်းရွက်၊ အသား၊ ပဲနှင့် သစ်သီးများကို စနစ်တကျကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အာဟာရကျွေးမွေးခြင်းကို အ.ထ.က(မိုင်းကိုင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မြင့်သန်းနှင့် ဆရာဆရာမများ၊ ကျန်းမာရေးဌာနမှတာဝန်ရှိသူများ၊ ကျောင်းသားမိဘများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး  KG ကျောင်းသား‌/ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း လုပ်ငန်းစီမံချက်နှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချော(မိုင်းကိုင်)