(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာ၊ “အလင်း‌ရောင်” စာကြည့်တိုက်နှင့် သရက်သမိန်ကျေးရွာ “သီဟရာဇာ”စာကြည့်တိုက် အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပုဗ္ဗသီရိ ဇန်နဝါရီ ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု “အလင်း‌ရောင်” စာကြည့်တိုက်နှင့် သရက်သမိန်ကျေးရွာ၊ “သီဟရာဇာ” စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ စာကြည့်တိုက်ရှေ့၌ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဦးမင်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ စာရေးဆရာများ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရာက်ကြသည်။

ဦးစွာ “အလင်း‌ရောင်” စာကြည့်တိုက်နှင့် “သီဟရာဇာ” စာကြည့်တိုက် အဆောက်အအုံအသစ်ကို နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဦးမင်းဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောနိုင်၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်နှင့် ကျေးရွာရပ်မိရပ်ဖများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ဇီးကုန်းကျေးရွာ “အလင်းရောင်” စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနား၌ အမှာစကားပြောကြားရာတွင် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီအနေဖြင့်လည်း ဗဟိုကချမှတ်ထားသည့် လုပ်ငန်းစဉ်(၄)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းမှ အသိပညာဗဟုသုတများစွာရရှိနိုင်သဖြင့် စာအုပ်စာပေလေ့လာဖတ်ရှုရာတွင် ဖတ်ရှုရုံသက်သက်မလုပ်ဘဲ ဖတ်သမျှကိုမှတ်သားခြင်း၊ မှတ်သားမိသမျှကိုလည်း ပြန်လည်မျှဝေဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သို့မှသာ အမှား၊ အမှန်ကိုဝေဖန်သုံးသပ်နိုင်ကာ အသိပညာဗဟုသုတကြွယ်ဝပြီး နောင်တစ်ချိန်တွင် တိုင်းပြည်က အားကိုးအားထားပြုရမည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာမှာဖြစ်ကြောင်း၊ လူငယ်များအပါအဝင် ပြည်သူများအားလုံး စာဖတ်ကြရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များဖန်တီးပေးရန် ယခုလို ကျေးရွာစာကြည့်တိုက်များ တည်ဆောက်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် စာကြည့်တိုက်များသို့သွားရောက်၍ စာပေဖတ်ရှုရန်အတွက် ရပ်မိ၊ ရပ်ဖများ၊ အုပ်ထိန်းသူများအနေဖြင့်လည်း လူငယ်များစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးကို ဝိုင်းဝန်းနှိုးဆော်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကျေးရွာစာကြည့်တိုက် ရေရှည်ခိုင်မာပြီးရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး၊ စာအုပ်စာစောင်များ ဆက်လက်တိုးပွားရရှိစေရေးလုပ်ငန်းများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားပြီး နေပြည်တော်ကောင်စီဝင် ဦးမင်းဦးမှ သရက်သမိန် ကျေးရွာ၊ “သီဟရာဇာ” စာကြည်တိုက်တွင်လည်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက စာကြည့်တိုက်ဆိုင်ရာအချက်အလက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်ထံ လွှဲပြောင်းပေးအပ်ပြီး  စာကြည့်တိုက်အတွက် MRTV DTH စလောင်းနှင့် MRTV DVB- T2 Set Top Box တို့ကိုလည်းကောင်း၊ အလှူငွေများကိုလည်းကောင်း၊ စာအုပ်စာစောင်များကိုလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ချီးမြှင့်ပြီး စာကြည့်တိုက်အတွင်း ကျောင်းသားကျောင်းသူ၊ လူငယ်လူရွယ်များ စာပေဖတ်ရှုလေ့လာနေမှုနှင့် စာအုပ်စာစောင်များ ထားရှိမှုအခြေအနေများကိုကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

နန်းရွှေရတီ (ပြန်/ဆက်)