စမ်းချောင်း ဇန်နဝါရီ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကံကော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က လူငယ်စကားဝိုင်းကျင်းပရခြင်းရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး အ.ထ.က(၁)ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ခင်မျိုးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စတင်ကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဖြူသွယ်ထွန်း၊ တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ် အထက်တန်းပြဆရာမဒေါ်စောနန်းရွှေတို့က ဆောင်ရွက်ပြီး Grade(9)မှ မောင်လင်းမြတ်အောင်က လူငယ်နှင့်စာပေ၊ Grade(11)မှ မောင်စံလင်းအောင်က လူငယ်နှင့်အားကစား၊ Grade(10)မှမချစ်မွှေးကိုကိုက လူငယ်နှင့်ကျန်းမာရေး၊ Grade(10)မှ မောင်သော်ဇင်ထွန်းက လူငယ်နှင့်စာရိတ္တ၊ Grade(9)မှ မကူးကူးသံသာက လူငယ်နှင့်ယဥ်ကျေးမှု၊ Grade(11)မှ မောင်ကောင်းဇင်သူက လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြကာ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူလေးများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ကဏ္ဍလိုက်ပြန်လည်ဖြေကြားခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက ပြသထားသော စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)