ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

ဟိုပုံး ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသေးစားကုန်ထုတ်လုပ်ငန်း များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ လုပ်ငန်းထူထောင်မည့်သူများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အမှာစကားပြောကြားရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနဟာ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြင့်မားလာစေရေးနှင့် ဝင်ငွေတိုးပွားရေးလာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်ပြီး အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားဝင်ငွေတိုးရေးစီးမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒီလိုဆောင်ရွက်တဲ့အခါ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၆၀) သန်းကို သုံးစွဲခဲ့ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာရှိတဲ့ ကျေးရွာ(၆)ရွာမှာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအနေနဲ့ သင်တန်းသား (၆၀)ဦးကို သင်ကြားပေးနိုင်ခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းထူထောင်နိုင်သူ (၁၅)ဦးရှိခဲ့ပါ ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှာ ကျေးရွာ (၆)ရွာ လျာထားအကောင်အထည်ဖော် လျက်ရှိပါကြောင်း၊ ဘဏ္ဍာငွေသုံးစွဲမှုအနေနဲ့ ကျေးရွာတစ်ရွာလျှင် ငွေကျပ်(၁၂)သန်းနှုန်းဖြင့် ကျေးရွာ(၆)ရွာအတွက် ငွေကျပ်(၇၂)သန်းသုံးစွဲမှာဖြစ်ပါကြောင်း၊ ယခုနှစ်စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရာမှာဒေသအလိုက် ဟိုပုံးမြို့နယ်မှ(၃)ခု၊ ဆီဆိုင်မြို့နယ်မှ(၁)ခု၊ ပင်လောင်းမြို့နယ်မှ (၂)ခုအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခမ်းအနားမှာတော့ စီမံကိန်းသင်တန်း(၆)ခုမှ လုပ်ငန်းထူထောင်လုပ်ကိုင်မည့် ထူးချွန်သင်တန်းသား(၃၀)ဦးအတွက် လုပ်ငန်းသုံးပစ္စည်းအမယ်(၁၂)မျိုး၊ လုပ်ငန်းသုံးပစ္စည်းအရေအတွက် (၆၀)ခုအား  ပေးအပ်သွားမှာဖြစ်ကြောင်း၊ ယခုလိုလုပ်ငန်းစတင်ထူထောင်လိုသူများကို လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးအပ်ခြင်းဟာ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းငယ်များ စတင်ထူထောင်ရာမှာ အဓိကအတားအဆီးဖြစ်တဲ့ ရင်းနှီးမတည်ငွေအခက်အခဲကို ဖြေရှင်းဆောင်ရွက်ပေးခြင်းပဲဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေနဲ့ ယခုလို MSMEs လုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားကြဖို့နဲ့ အဖွဲ့ခေါင်းဆောင်နဲ့အဖွဲ့ဝင်များကလည်း မိမိတို့တာဝန်ယူထားတဲ့ လုပ်ငန်းများအောင်မြင်နိုင်ရေး စေတနာအပြည့်နဲ့ဆောင်ရွက်ထားတဲ့လုပ်ငန်းများ အောင်မြင်နိုင်ရေးဆောင်ရွက်ပေးကြရန် မှာကြားသည်။ ထို့အပြင် လုပ်ငန်းစတင်ထူထောင်သူများအနေဖြင့်လည်း လေ့လာသင်ယူထားတဲ့ အတတ်ပညာအရင်းအမြစ်များကို ထိရောက်စွာအကျိုးရှိရှိ အသုံးချသွားရန်နှင့် ပြည်သူလူထုကို အသက်သာဆုံးစျေးနှုန်းနဲ့  ဆောင်ရွက်ပေးသွားရန်လိုအပ်မှာဖြစ်ကြောင်း၊ ယခုစီမံကိန်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပြည်သူများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်တာဖြစ်တဲ့ အတွက် လုပ်ငန်းထူထောင်မဲ့သူများအနေနဲ့ စံနမူနာဖြစ်အောင် ကြိုးစားဆောင်ရွက်လိုပါကြောင်း ပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးတို့က ဟိုပုံးမြို့၊ အရှေ့ရပ်ကွက်မှ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်ရေး စီမံကိန်းအစီအစဉ်ဖြင့်ဆောင်ရွက်သည့် မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း သင်တန်းသားများကိုလည်းကောင်း၊ ဟိုပုံးမြို့၊ အရှေ့ရပ်ကွက်မှ အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးစီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်သည့် စက်ချုပ် နည်းပညာသင်တန်း သင်တန်းသူများကိုလည်းကောင်း၊ ဟိုပုံးမြို့၊ ရန်ကင်းကျေးရွာမှ ဒေသတစ်ခု ထုတ်ကုန်တစ်ခုဆောင်ရွက်မည့် စီမံကိန်းအစီအစဉ်ဖြင့်ဆောင်ရွက်သည့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း သင်တန်းသားများကိုလည်းကောင်း၊ ဆီဆိုင်မြို့နယ်၊ ဘုရားဖြူကျေးရွာမှ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေး စီမံကိန်းအစီအစဉ်ဖြင့်ဆောင်ရွက်သည့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းသားများကိုလည်းကောင်း၊ ပင်လောင်းမြို့နယ်၊ ဘုရားကုန်းကျေးရွာမှ အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးစီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်သည့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းသားများကိုလည်းကောင်း၊ ပင်လောင်းမြို့နယ်၊ နောင်မွန်းကျေးရွာမှ အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးစီမံကိန်းအစီအစဉ်ဖြင့်ဆောင်ရွက်သည့် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းသားများကိုလည်းကောင်း လုပ်ငန်းသုံးပစ္စည်းများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လုပ်ငန်းသုံးပစ္စည်းများအား  လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)