ချမ်းအေးသာစံ ဇန်နဝါရီ ၃၁
ဆေးပညာသင်ကြားရာတွင် ခန္ဓာဗေဒပညာရပ်ကို လက်တွေ့ကျကျ လေ့လာသင်ယူခွင့် ရရှိစေရန်အတွက် ခန္ဓာကိုယ်လှူဒါန်းပေးခဲ့ကြသော ဝိဉာဉ်မဲ့မြတ်ဆရာများ၏ ဂုဏ်ကျေးဇူးကို သိရှိနားလည်စေရန်၊ သက်ရှိလူနာများကို မိမိကိုယ်တိုင် ခွဲစိတ်ကုသမှုမပြုလုပ်ခင်တွင် ခွဲစိတ်ပညာရပ်နှင့် ပတ်သက်သော အတွေ့အကြုံများရရှိစေရန်အတွက် ဝိဉာဉ်မဲ့မြတ်ဆရာများ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါကြောင်းကို သိရှိနားလည်စေရန်၊ အသက်ရှင်ကျန်းမာနေစဉ်အတွင်း အများကောင်းကျိုး ဆောင်ရွက်နိုင်သလို သေဆုံးသွားပြီးချိန်တွင်လည်း ဆေးပညာလောကအတွက် မိမိတို့ခန္ဓာကိုယ်ကို လှူဒါန်းခြင်းဖြင့် ကောင်းကျိုးဆက်လက် သယ်ပိုးနိုင်ကြောင်း သိရှိနားလည်စေရန် ရည်ရွယ်၍ ဝိဉာဉ်မဲ့မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ဆေးတက္ကသိုလ်-မန္တလေး၊ ဇီဝခန်းမတွင် ဇန်နဝါရီလ (၃၀) ရက်နေ့ နံနက်ပိုင်းက ကျင်းပခြင်းဖြစ်ပါသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်-မန္တလေးမှပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ခန္ဓာကိုယ်လှူဒါန်းခဲ့ကြသူများ၏ မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြပြီး ခန္ဓာကိုယ်လှူဒါန်းပေးခဲ့ကြသော ဝိဉာဉ်မဲ့မြတ်ဆရာများ၏ ဂုဏ်ကျေးဇူးကို တစ်မိနစ်ငြိမ်သက်ဂုဏ်ပြု၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများမှ ဝိဉာဉ်မဲ့မြတ်ဆရာများအား ပူဇော်ခြင်းသည် ပူဇော်ထိုက်သူကို ပူဇော်သည့် မင်္ဂလာတစ်ပါးဖြစ်ပါကြောင်း၊ ယခုလိုအခမ်းအနားအား ဆေးတက္ကသိုလ်-မန္တလေးတွင် ၂၀၁၆ ခုနှစ်ကစတင်ပြီးကျင်းပခဲ့ရာ ယခု ၆ ကြိမ် မြောက်ကျင်းပခြင်းဖြစ်သည်ဟုသိရှိရပါကြောင်း၊ ဆေးပညာသည် လူ့အသက်နှင့်ဆိုင်သော ပညာရပ်ဖြစ်ပြီး အတွေ့အကြုံနှင့်ပညာ အချိုးတကျ ပေါင်းစပ်ပါဝင်ရမည်ဖြစ်ရာ အတွေ့အကြုံကောင်းများ ပညာများ ရှာဖွေရာတွင် ဝိဉာဉ်မဲ့မြတ် ဆရာများမှာ မရှိမဖြစ်ကဏ္ဍတွင် ပါဝင်လာပါကြောင်း၊ ခန္ဓာကိုယ်လှူဒါန်းပြီး ပညာပေးဝေသော မြတ်ဆရာတို့၏ ကျေးဇူးကို သိတတ်သောအားဖြင့် သမားကောင်းဂုဏ်ရည်နှင့်ပြည့်ဝပြီး တော်သော၊ တတ်သော၊ မြင့်မြတ်သော ဆရာဝန်ကောင်းများဖြစ်အောင် ကြိုးစားသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဆေးတက္ကသိုလ်-မန္တလေးမှ ပါမောက္ခချုပ် ဒေါက်တာမျိုးသက်တင်က ဂုဏ်ပြုစကားများ ပြောကြားပြီးနောက် ၁/ ၂၀၂၅ Year 2 အတန်းမှ ကျောင်းသားတစ်ဦးက ဝိဉာဉ်မဲ့မြတ်ဆရာပူဇော်ပွဲ ကျင်းပဖြစ်ခဲ့ပုံနှင့် ကျေးဇူးတင်ဂုဏ်ပြုစကားများပြောကြားပြီး ၁၂/ ၂၀၂၄ Year 1Senior အတန်းမှ ကျောင်းသားတစ်ဦးက ဝိဉာဉ်မဲ့မြတ်ဆရာဆီသို့ ပေးစာအား ဂုဏ်ပြုဖတ်ကြားပြီးနောက် ဝိဉာဉ်မဲ့မြတ် ဆရာများအား ဂုဏ်ပြုပန်းများဖြင့် ဂါရဝပြုကြသည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများမှ ဝိဉာဉ်မဲ့မြတ်ဆရာပူဇော်ပွဲနှင့်ပတ်သက်၍ ဂုဏ်ပြုရိုက်ကူးထားသည့် ဇာတ်လမ်းတိုတင်ဆက်ပြသမှုများနှင့် ဂုဏ်ပြုသီဆိုမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့ကြောင်းနှင့် အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်