ကျိုင်းတုံ ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျိုင်းတုံတက္ကသိုလ် (၂၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စျေးရောင်းပွဲတော်ကို ယမန်နေ့က အဆိုပါကျောင်း ပင်မဆောင်ရှေ့တွင်ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ထက်၊ အမှတ်(၁၁) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျာ၊ ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်-၂ ဦးမင်းညို၊ အဖွဲ့ဝင်-၄ ဦးအောင်မြတ်သာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ကျိုင်းတုံတက္ကသိုလ်ရှိ အထူးပြုဘာသာရပ်အလိုက်ဒေသထွက် အမှတ်တရ လက်ဆောင်ပစ္စည်းများ၊ အစားအစာများအသီးသီးရောင်းချနေမှုအား တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ထက်နှင့်တဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုအပြင် တက္ကသိုလ်၏ သွေးကြောဖြစ်သည့် ၂၁ ရာစုပညာရေး စိန်ခေါ်မှုများကို ခေတ်နှင့်အညီရင်ဘောင်တန်းနိုင်ရန်၊ ဘာသာရပ်နယ်အလိုက် သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်အောင်မြင်နိုင်ရန်အတွက် ကျိုင်းတုံတက္ကသိုလ် (၂၇)နှစ်မြောက် တက္ကသိုလ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ဇန်နဝါရီ ၂၈ ရက်က အဆိုပါကျောင်းတွင်ကျင်းပရာ ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်များအလိုက် သုတေသနစာတမ်း ၂၆ စောင်အား စာတမ်းရှင်များက ဖတ်ကြားယှဉ်ပြိုင်ကြပြီး သင်ကြားရေးဌာန ၁၄ ခုမှ Theme (ဆောင်ပုဒ်)စာတမ်းဆောင်ပုဒ် များတင်သွင်းယှဉ်ပြိုင်ကြရာ အကောင်းဆုံဆုရရှိသည့် ဝိဇ္ဇာ၊ သိပ္ပံ သုတေသနစာတမ်းနှင့် Theme(ဆောင်ပုဒ်) စာတမ်းဆောင်ပုဒ် ဆုရရှိသူများကို ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုမျာ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)