ဇမ္ဗူသီရိ ဇန်နဝါရီ ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အောင်ဇမ္ဗူရပ်ကွက်၊ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်တွင်ကျင်းပရာ ဦးဆောင်ကွပ်ကဲရေးအဖွဲ့ ဆရာတော်ကြီးများ၊ ကြီးကြပ်ရေးအဖွဲ့ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များ၊ မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်များ၊ နေပြည်တော်သာသနာရေးမှူး ဦးထွန်းမြင့်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေနော်ဝင်း၊ အဖွဲ့ဝင် ဗိုလ်မှူး ပြည့်ဖြိုးအောင်နှင့် ဦးကျော်အောင်၊ မြို့နယ်သာသနာရေးမှူး ဦးအောင်သူနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးတွင်ကြီးကြပ်ရေးအဖွဲ့ အကျိုးတော်ဆောင် ဘဒ္ဒန္တဝါယမက အခမ်းအနားမှူး ဆရာတော်အဖြစ်ဆောင်ရွက်၍ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဥက္ကံသက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့ပြီး အစည်းအဝေး စတင်ကာ သဘာပတိဆရာတော်က ဩဝါဒကထာ မြွက်ကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေနော်ဝင်းက သာသနာရေးဆိုင်ရာများ လျောက်ထားတင်ပြခဲ့သည်။ ထို့နောက် အခမ်းအနားမှူးဆရာတော်က အနားယူခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အရ အနားယူသော ဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို ဖတ်ကြားကြေညာခဲ့သည်။
ဆက်လက်၍ မြို့နယ်ဩဝါဒါစရိယဆရာတော်များအဖြစ် ဘဒ္ဒန္တကုသလ၊ အောင်ရတနာကျောင်း၊ ဘဒ္ဒန္တဝိမလ၊ အလျင်လိုကျောင်း၊ ဘဒ္ဒန္တဓမ္မပါလ၊ သာသနာ့ပါလရွာဦးကျောင်း၊ ဘဒ္ဒန္တဥတ္တရ၊ ရှားတောကျောင်း၊ ဘဒ္ဒန္တဝါသဝ၊ သာယာကုန်းကျောင်း၊ နေပြည်တော်တိုင်းသံဃဝန်ဆောင် ဆရာတော်အဖြစ် ဘဒ္ဒန္တပညာသီရိ၊ မစိုးရိမ်တိုက်သစ်၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်အဖြစ် ဘဒ္ဒန္တဥဇ္ဇောတ၊ နန်းဦးကျောင်းတိုက်၊ အကျိုးတော်ဆောင်ဆရာတော်အဖြစ် ဘဒ္ဒန္တကေသရိန္ဒ၊ မဟာဝိဇိတာရုံကျောင်းတိုက်၊ အဖွဲ့ဝင်ဆရာတော်များအဖြစ် ဘဒ္ဒန္တသောပါက၊ မဟာဝိဟာရကျောင်းတိုက်၊ ဘဒ္ဒန္တခေမာစာရ၊ မစိုးရိမ်တိုက်သစ်၊ ဘဒ္ဒန္တအဂ္ဂရာဇာ၊ ဘူးကွဲရွာဦး ကျောင်းတိုက်တို့အားအတည်ပြု ရွေးချယ်ခဲ့ကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသည့် ဆရာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရ သည်။
ဟိန်းသူအောင် (ပြန်/ဆက်)