မော်လမြိုင် ဇန်နဝါရီ ၃၀
၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် (၁၃) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနားတို့ကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက် (၅)ရပ်နှင့်အညီ အနှစ်သာရရှိရှိ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကျင်းပရေးကော်မတီများ ဖွဲ့စည်းထားရှိပြီဖြစ်ကြောင်း၊ နှစ်စဉ်ကျင်းပလျက်ရှိသော အခမ်းအနားတစ်ခုဖြစ်သောကြောင့် သက်ဆိုင်ရာကော်မတီများအနေဖြင့် အချင်းချင်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ကျင်းပရေးလုပ်ငန်းကော်မတီများမှ ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်တင်ပြကြပြီး ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်၏ (၁၃)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်လွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာယဉ်ကျေးမှုများ မပျောက်ပျက်စေရေးနှင့် ကောင်းမှုကုသိုလ်ရရှိစေရေးရည်ရွယ်၍ တပို့တွဲလရောက်တိုင်း မြန်မာနိုင်ငံတစ်ဝန်းတွင် ထမနဲထိုးပွဲများ နှစ်စဉ်ကျင်းပခဲ့ကြရာ မွန်ပြည်နယ်တွင်လည်း အစဉ်အလာမပျက် ထမနဲထိုးပြိုင်ပွဲများကို နှစ်စဉ်ကျင်းပခဲ့ပြီး ညီညွတ်ခြင်း၊ စည်းလုံးခြင်းနှင့် ရိုးရာယဉ်ကျေးမှုအစဉ်အလာများကို ပေါ်လွင်စေသည့်ပွဲတော်အဖြစ် ဦးတည်ကျင်းပခြင်းဖြစ်ကြောင်း၊ ယခင်နှစ်များက အတွေ့အကြုံများကိုလေ့လာပြီး ချို့ယွင်းချက်၊ အားနည်းချက်နှင့် အခက်အခဲများ မဖြစ်ပေါ်စေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီဝင်များမှ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)