ထန်းတပင်(ရန်ကုန်) ဇန်နဝါရီလ ၃၀
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲ နှင့် ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲတို့တွင် ဆုရရှိခဲ့ကြသူများသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ပင်မဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာထိပ်တင်ဟန်က အမှာစကားပြောကြားခဲ့ပြီး မြန်မာစာဌာန ပါမောက္ခဌာနမှူး ဒေါက်တာခင်ဝင့်နွယ်က (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာထိပ်တင်ဟန်က အသိပညာပေး ဟောပြောခဲ့သည့် မြန်မာစာဌာန ပါမောက္ခဌာနမှူး ဒေါက်တာခင်ဝင့်နွယ်အား အမှတ်တရဂုဏ်ပြု လက်ဆောင်ကို ပေးအပ်ခဲ့ပြီး ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာခင်နွဲ့အေးနှင့် တာဝန်ရှိသူများက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါအသိပညာပေး ဟောပြောပွဲတွင်လည်း မြန်မာစာဌာနမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စည်းလုံးခြင်းရဲ့တေးတစ်ပုဒ်၊ မြန်မာပြည်သားတေးသီချင်းတို့ဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)