ထန်းတပင်မြို့နယ်၌ "သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး" ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

ထန်းတပင်(ရန်ကုန်) ဇန်နဝါရီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်သစ်တောဦးစီးဌာနမှ "သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး"ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက ဓနဲရိကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာရှိ ရတနာသိင်္ဂီဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူးဦးနိုင်လင်းထွန်းက သစ်တောများက ပေးစွမ်းနိုင်သည့် ဂေဟစနစ်ဆိုင်ရာအကျိုးကျေးဇူးများ၊ ရေသယံဇာတထိန်းသိမ်းရန်နှင့် ရေဝေရေလဲဒေသကြီးများအကြောင်း၊ ရေအရင်းအမြစ်များ ထိန်းသိမ်းခြင်းကြောင့်ရရှိမည့် အကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးတွင် သစ်တောများ၏အရေးပါမှုနှင့်အကျိုးကျေးဇူးများ၊ တောမီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆက်စပ်ပုံ၊ လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏ လူမှုစီးပွားဘဝကိုလည်း ထိခိုက်နိုင်မှုများနှင့် မီးခိုးမြူငွေ့လျှော့ချရေးအတွက် Fire Hotspots များ လျှော့နည်းကျဆင်းအောင် တောမီးရှို့ခြင်း၊ လယ်ယာများမီးရှို့ခြင်းများ မပြုလုပ်ရန်တို့ကို တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများက မိမိတို့သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ မြို့နယ်ဦးစီးဌာနမှူးဦးနိုင်လင်းထွန်းက ပြန်လည်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသူများကိုလည်း မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများက အသိပညာလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)