မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျိုက်သလံစေတီတော်မြတ်ကြီး၏ ပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သော အန္တရာယ်ကင်းအသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် ဇန်နဝါရီ ၃၀

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျက်သရေဆောင် ကျိုက်သလံစေတီတော်မြတ်ကြီး၏ အန္တရာယ်ကင်း အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့၊ နံနက်ပိုင်းက ပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များတက်ရောက်သည်။

ရှေးဦးစွာ နမောတဿ ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခဲ့ကြပြီး မော်လမြိုင်မြို့၊ အောက်ကျင်းရပ်ကွက်၊ သာသနာ့မာရ်အောင်ဝဲပျံစာသင် တိုက်ကြီး၏ဦးစီးပဓါနနာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တနန္ဒဝံသ (အဂ္ဂမဟာဂန္ထဝါစပဏ္ဍိတ)ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ ပိဋကတ်တိုက်ကျောင်းဆရာတော် ဘဒ္ဒန္တပညာဝံသက ပဋ္ဌာန်းရောင်ခြည်တော်ဖွင့် ဂါထာကိုရွတ်ဖတ် ပူဇော်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပဋ္ဌာန်းကျမ်းစာအုပ်နှင့် ပဋ္ဌာန်းအိုးများ ဆက်ကပ်ခဲ့ပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အတုလရန်အောင်ကျောင်းတိုက်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တကောသလ္လ (အဂ္ဂမဟာပဏ္ဍိတ)ထံမှ အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ယင်းနောက် ဆရာတော် သံဃာတော်များ ဦးဆောင်၍ ပရိတ်သတ်အားလုံးမှ ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်ကို သံပြိုင်သုံးကြိမ်ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ရန် တိုက်တွန်းလွှာဂါထာကို မော်လမြိုင် မြို့၊ လှိုင်ရပ်ကွက်၊ ရွှေတောင်ကျောင်းမှ ဦးဝိဝေက က ရွတ်ဖတ်ပူဇော်ခဲ့ကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ရုတ်သိမ်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များကို နေ့ဆွမ်းဆက်ကပ်ခဲ့ပြီး ကျိုက်သလံစေတီတော် မြတ်ကြီးရင်ပြင်တော်ပေါ်ရှိ ရှေးဟောင်း သာသနိကအဆောက်အဦများ ဘက်စုံပြန်လည်မွမ်းမံထားရှိတို့အား လည့်လည်ကြည့်ရှုခဲ့သည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကျိုက်သလ္လံစေတီတော်မြတ်ကြီး၌ အန္တရာယ်ကင်း အသံမစဲမဟာပဋ္ဌာန်း  ရွတ်ဖတ်ပူဇော်ပွဲကို ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက ၉ ရက်တိုင်တိုင် မဟာပဋ္ဌာန်းရွက်ဖတ် ပူဇော်လျက်ရှိကြောင်း သိရှိရသည်။ 

စည်သူ(ပြန်/ဆက်)