အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ဇန်နဝါရီလအတွင်း ရှားပါးဆောင်းခိုရေပျော်ငှက်မျိုးစိတ်များနှင့် ဒေသရင်းရေပျော်ငှက်မျိုးစိတ်များ စုစုပေါင်း (၄၆)မျိုး၊ ကောင်ရေ (၂၀၂၀၇)ကောင် စာရင်းကောက်ယူနိုင်

မိုးညှင်း ဇန်နဝါရီ ၃၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ရှိ မြန်မာနိုင်ငံတွင် အကြီးဆုံးကုန်းတွင်းရေချို အိုင်ကြီးဖြစ်သည့် အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ဇန်နဝါရီလအတွင်း အာရှရေပျော်ငှက်စာရင်းကောက်ယူရာ၌ ရှားပါးဆောင်းခိုရေပျော်ငှက်မျိုးစိတ်များနှင့် ဒေသရင်းရေပျော်ငှက်မျိုးစိတ်များ စုစုပေါင်း(၄၆)မျိုး၊ ကောင်ရေ (၂၀၂၀၇)ကောင်ကို စာရင်းကောက်ယူနိုင်ခဲ့ကြောင်း အင်းတော်ကြီးဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အင်းတော်ကြီးအိုင်သည် နှစ်စဉ်ဆောင်းရာသီ ပွင့်လင်းရာသီသို့ ရောက်ရှိလာတိုင်း အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဆောင်းခိုငှက်မျိုးစိတ်များနှင့် ဒေသရေပျော်ငှက်မျိုးစိတ်များသည် ကျင်လည်ကျက်စားလျက်ရှိကြပြီး ယခုနှစ် ဇန်နဝါရီလအတွင်း အာရှရေပျော်ငှက်စာရင်း ကောက်ယူချက်များအရ ရှားပါးဆောင်းခိုရေပျော်ငှက်မျိုးစိတ် (၂၈)မျိုး၊ ကောင်ရေ (၁၆၂၁၅)ကောင်နှင့် ဒေသရင်းရေပျော်ငှက်မျိုးစိတ် (၁၈)မျိုး၊ ကောင်ရေ (၃၉၉၂)ကောင် စုစုပေါင်းကောင်ရေ (၂၀၂၀၇)ကောင်ကို အင်းတော်ကြီးအိုင်၏ အရှေ့ဘက်၊ အနောက်ဘက်နှင့် အင်းတော်ချောင်းတစ်လျှောက် ချောင်းဘေးဝဲ/ယာနှင့် ဆက်စပ်ရေဝပ်ဒေသများရှိ ကိုင်းတောများအတွင်းသို့ တာဝန်ရှိသူများက အဖွဲ့များခွဲ၍ စာရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငှက်မျိုးစိတ်များသည် ဇန်နဝါရီလအတွင်း တွေ့ရှိရသည့် ရှားပါးဆောင်းခို ရေပျော်ငှက်မျိုးစိတ်များနှင့် ဒေသရင်းရေပျော်ငှက်မျိုးစိတ်များသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ငှက်မျိုးစိတ်(၁)မျိုးနှင့် ကောင်ရေ(၁၂၀၀)ကျော် လျော့နည်းတွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ပြီး ယင်းငှက်မျိုးစိတ်များ အများဆုံးကျက်စားလေ့ရှိသည့် ငှက်စာရင်းကောက် လမ်းကြောင်းတစ်ခု ဖြစ်သော အင်းတော်ချောင်းအတွင်း စက်လှေဖြင့် ငှက်စာရင်းများ ကောက်ယူရာ၌ ရေမှော်နှင့် ဒိုက်များ ပိတ်မိနေခြင်းကြောင့် သွားလာရာတွင် အခက်အခဲများရှိနေခြင်း၊ ရာသီဥတုအခြေအနေနှင့် အချို့နေရာများတွင် ကိုင်းတောများ ထူထပ်နေခြင်းတို့ကြောင့် ငှက်မျိုးစိတ်များကို မြင်တွေ့နိုင်ရန်နှင့် အကောင်ရေများ ရေတွက်ရာတွင် ခက်ခဲလှသဖြင့် ငှက်မျိုးစိတ်နှင့် အကောင်ရေများ မှတ်တမ်းတင်ရာတွင် အနည်းငယ် တိမ်းစောင်းမှုများလည်းရှိကြောင်း သိရသည်။

အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ အများဆုံးတွေ့ရှိရသည့် ရှားပါးဆောင်းခို ရေပျော်ငှက်မျိုးစိတ်များမှာ ကြိုးကြာခေါင်းမဲ (၄၂၉၄)ကောင်၊ ဘဲဖြူနက် (၃၅၄၀)ကောင်၊ ရေကြက်ဒုံ (၂၈၄၀)ကောင်၊ စင်ရော်ခေါင်းညို (၉၃၅)ကောင်၊ ခရုစုပ်အနက် (၉၂၄)ကောင်၊ ပို့ချဘဲ (၆၅၀)ကောင်၊ တောငန်း (၆၅၀)ကောင်၊ အော်ရော (၆၅၀)ကောင်၊ ဘဲနီစပ် (၅၂၀)ကောင်၊ စင်ရော်ခေါင်းမဲ (၃၂၅)ကောင်နှင့် ဘဲမဲ(၂၁၄)ကောင် စသည်တို့ ပေါများစွာတွေ့ရှိရပြီး အဆိုပါ ရေပျော်ငှက်မျိုးစိတ်များ စာရင်းကောက်ယူခြင်းကို အင်းတော်ကြီးအိုင်၏ အရှေ့ဘက် လမ်းကြောင်းတွင်လည်းကောင်း၊ အနောက်ဘက်လမ်းကြောင်းတွင်လည်းကောင်း၊ အင်းတော်ချောင်း တစ်လျှောက် ချောင်းဘေး ဝဲ/ယာနှင့် ဆက်စပ်ရေဝပ်ဒေသများရှိ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် ယခင်နှစ်က မတွေ့ရှိခဲ့သည့် ဒုံးမြီးကွက်ငှက် (၃)ကောင်၊ ဘဲကျားလေး (၁၃၀)ကောင်၊ အမောက်ပါတစ်တီးတူး (၁၀)ကောင်နှင့် ဂေါ်ပြားနှုတ်သီးပုံဘဲ (၃၀)ကောင် စသည့် ရေပျော်မျိုးစိတ်(၄)မျိုးကိုပါ ပြန်လည်တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း  သိရသည်။

အင်းတော်ကြီးဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးအနေဖြင့် ဆောင်းခိုငှက်မျိုးစိတ်များသည် နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလမှစတင်၍ လာရောက်ဆောင်းခိုလေ့ရှိကြောင်း မှတ်တမ်းတင်ထားသဖြင့် နှစ်စဉ် အောက်တိုဘာလ ဒုတိယအပတ်တွင် ဆောင်းခိုငှက်များ ကြိုဆိုပွဲအဖြစ် အသိပညာပေး ဟောပြောပွဲများကျင်းပခြင်းနှင့် ဆိုင်းဘုတ်စိုက်ထူခြင်းစသည့် လှုပ်ရှားမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အင်းတော်ကြီးအိုင်သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းရှိ အရေးကြီးရေဝပ်ဒေသများ ကွန်ရက်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ရမ်ဆာရေဝပ်ဒေသအဖြစ် လည်းကောင်း သတ်မှတ်ခြင်းခံထားရသော အင်းတော်ကြီးတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဖြစ်ကြောင်းနှင့် နို့တိုက်သတ္တဝါမျိုးစိတ်(၄၇)မျိုး၊ ကုန်နေရေနေနှင့် တွားသွားသတ္တဝါမျိုးစိတ် (၉၇)မျိုး၊ ဒေသရင်းငါးမျိုးစိတ်အပါအဝင်(၁၀၀)၊ ရေပျော်ငှက်မျိုးစိတ်(၁၀၅)မျိုးနှင့် သစ်တောငှက်မျိုးစိတ်(၄၀၀)တို့ နေထိုင်ကျက်စားကြလျက်ရှိကြောင်း အင်းတော်ကြီးဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ 

ရွှေမိုးညှင်း(ပြန်/ဆက်)