စစ်တွေ ဇန်နဝါရီ ၃၀
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်နယ်ပညာရေးမှူးရုံးသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများရုံး လုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၌ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ပညာရေးမှူးရုံးသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မိမိတို့အစိုးရအဖွဲ့အနေဖြင့် ယခုအချိန်တွင်ဝန်ထမ်းများ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြသည်ကို သွားရောက်ပြီး တွေ့ဆုံအားပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများသည် ဌာနအကြီးအကဲ၏ လမ်းညွှန်မှုဖြင့် လုပ်ငန်းတာဝန်များကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မည်ဆိုလျှင် ပြည်နယ်၏ အုပ်ချုပ်မှုယန္တရား သည်လည်း အဆင်ပြေချော့မွေ့စွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများအနေဖြင့် စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် တစ်ဦးနှင့်တစ်ဦးဖေးမကူညီကာ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အလားတူ ပညာရေးဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံတော်အကြီးအကဲကလည်း ပညာရေးကို အထူးအလေးထားဆောင်ရွက်လျက်ရှိခြင်းကြောင့် ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်အထူးအလေးထားကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရန် ပညာရေးအခန်းကဏ္ဍသည် အဓိကအရေးကြီးကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတိုင်းသည် စနစ်ကျပြီးအဆင့်မီသောပညာရေးစနစ်ကို ကျင့်သုံးဆောင်ရွက်နေသည်ကိုတွေ့ရကြောင်း၊ မိမိတို့နိုင်ငံ၏ ပညာရေးစနစ်သည်လည်း နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်အောင် ဆောင်ရွက်နေသည့်အတွက်ကြောင့် ပညာရေးကဏ္ဍတွင်များစွာရင်းနှီးမြှုပ်နှံကာဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ ပညာရေးတိုးတက်မြင့်မားစေရန်အတွက် သင်ကြားရေးလုပ်ငန်းတွင် သင်ကြားနေကြသည့်ဆရာ၊ ဆရာမများ၏ ပညာသင်ကြားနိုင်ရေးလုပ်ငန်းများ ကောင်းမွန်စွာဆောင်ရွက်နိုင်ရန် အုပ်ချုပ်ရေးလုပ်ငန်းများကို ရုံးဝန်ထမ်းများက ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ လာမည့်တက္ကသိုလ် ဝင်စာမေးပွဲကိုလည်း ကျောင်းသူ၊ ကျောင်းသားများလုံခြုံအေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် ရုံးဝန်ထမ်းက ဝိုင်းဝန်းဆောင်ရွက်ပေးကြရကြောင်း၊ မည်သည့်တာဝန်ကို ထမ်းဆောင်စေကာမူ မိမိတို့၏လုပ်ငန်း တာဝန်ကို ဝိုင်းဝန်းပူးပေါင်းကာ စေတနာထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် လည်းပညာရေးနှင့်ပတ်သက်၍ အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပြီး ကူညီဆောင်ရွက်ပေးသင့်သည်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေးသည် အနာဂတ် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးဆက်သစ်လူငယ်များကို ပျိုးထောင်ပေးရာရောက်သည့်အတွက် အလွန်အရေးကြီးပြီး မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ဖြည့်ဆည်းကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသအခြေအနေအရ ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ် နေသည့်အပြင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဆန်နှင့်စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ယာယီနေရပ်စွန့်ခွာ တိုက်ပွဲရှောင်ပြည်သူများကိုလည်း ပေးအပ်ကူညီလျက်ရှိကြောင်း၊ ထို့ပြင် စစ်တွေမြို့ပေါ်ရှိ သာသနိကအဆောက်အဦများကိုလည်း ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ ကိုကျေပွန်စွာထမ်းဆောင်ပြီး ဝန်ထမ်းလုံခြုံရေး၊ ရုံးလုံခြုံရေးနှင့် ရုံးစာရွက်စာတမ်းများလုံခြုံရေးတို့ကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ရုံးလုပ်ငန်းများကိုလည်း ဝန်ထမ်းများအချင်းချင်း ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ပညာရေးမှူးက ဝန်ထမ်းများရုံးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရုံးအတွင်းဝန်ထမ်းများက မိမိတို့၏ရုံးလုပ်ငန်းများအား လုပ်ဆောင်နေမှုကို လှည့်လည်ကြည့်ရှုပြီး ရုံးသန့်ရှင်းသာယာလှပရေး အတွက် ဆောင်ရွက် ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား အခြေခံ ကွန်ပျူတာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို သွားရောက်ကြည့်ရှုအားပေးကြသည်။
ထိုသို့သွားရောက်ကြည့်ရှုအားပေးစဉ် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် ကွန်ပျူတာတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၏ သင်ကြားပေးသည့် အခြေခံသင်ခန်းစာများကို ကြိုးစားသင်ယူကာ လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်အောင်ကြိုးစားသင်ယူကြရန်၊ ကွန်ပျူတာပညာရပ်သည် လက်တွေ့နယ်ပယ်တွင် များစွာအသုံးဝင်သည့်ပညာရပ် ဖြစ်သည့်အတွက် မိမိတို့ဘဝ တိုးတက်ရေး၊ မိမိတို့ဌာနအတွင်း ကောင်းမွန်စွာ အသုံးချနိုင်အောင် အဆင့်ဆင့်ကြိုးစား သင်ယူကြရန် ပြောကြားပြီး သင်တန်းသူ၊ သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)