ညောင်ရွှေ ဇန်နဝါရီ ၃၀
ညောင်ရွှေမြို့နယ် သံဃာ့မဟာနာယကအဖွဲ့၌ အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားသည့် ဆရာတော် ၂၅ ရာခိုင်နှုန်းနေရာတွင် အစားထိုးရွေချယ်တင်မြှောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ဆရာတော်သံဃာတော်များနှင့် ဌာနဆိုင်ရာများ၊ ဒေသခံရပ်မိရပ်ဖများ ညှိနှိုင်းတိုင်ပင်ခြင်းအစည်းအဝေးကို ယနေ့ နေ့လည်(၁)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ မြို့မရန်ကုန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အစည်းအဝေးတက်ရောက်လာသူများက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်သာသနာရေးမှူး ဦးခန့်ထူးဇော်က မြို့နယ်သံဃာ့မဟာနာယကအဖွဲ့ ၂၅ ရာခိုင်းနှုန်း အစားထိုးရွေးချယ်တင်မြှောက်ပွဲ ပြုလုပ်ရခြင်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဖတ်ကြားလျှောက်ထားသည်။
ထို့နောက် မြို့နယ်သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်တို့မှ ဩဝါဒအသီးသီးမိန့်ကြားတော်မူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက ရွေးချယ်တင်မြှောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးကိစ္စရပ်များနှင့် သာသနာရေးဆိုင်ရာများ တင်ပြလျှောက်ထားခဲ့သည်။
၎င်းနောက် ကြွရောက်တော်မူလာကြကုန်သော ဆရာတော်များနှင့် အစည်းအဝေးတက်ရောက်လာသူများက အထွေထွေကိစ္စရပ်များကိုဆွေးနွေးကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ အစည်းအဝေးကိုရပ်နားလိုက်ကြောင်းနှင့် အဆိုပါ အစားထိုးရွေးချယ်တင်မြှောက်ခြင်းကို (၁၈-၂-၂၀၂၅)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ