မိုးနဲ ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း နေ့လယ်စာအာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နမ့်စလိုင်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အာဟာရကျွေးမွေးရာ၌ အခြေခံပညာအထက်တန်းကျောင်းရှိ KG ကလေးငယ် ၄၆ ဦး၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နမ့်စလိုင်ရှိ KG ကလေးငယ် ၄၀ ဦးတို့အား ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရန် အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နှင့် ရေဓာတ် စသည်တို့ပါဝင်သော အာဟာရဖြစ်စေမည့် ထမင်း၊ ရွှေဖရုံသီဟင်း၊ ပဲ၀ါလေးဟင်း၊ ကြက်ဥ၊ ဖီးကြမ်းငှက်ပျောသီး စသည့် စားသောက်ဖွယ်ရာများအား ကျွေးမွေးခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်အတွင်း ကျိုင်းတောင်းမြို့အပါအဝင် အခြေခံပညာကျောင်းပေါင်း ၄၆ ကျောင်းရှိပြီး အဆိုပါကျောင်းများမှ KG ကလေးငယ် စုစုပေါင်း ၇၆၄ ဦးကိုလည်း အလားတူ အဟာရကျွေးမွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)