မိုင်းဖြတ် ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး၊ တောမီး၊တောင်ယာမီးများမရှို့ရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက မိုင်းဖြတ်ကျေးရွာအုပ်စု၊ ဟိုနားကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာချီလိတ်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေက တွေ့ဆုံဆွေးနွေးပွဲကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ မိုင်းဖြတ်မြို့နယ်အတွင်း မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ် ကင်းရှင်းစေရေးအတွက် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်ရမည့်အချက်များ၊ နောက်ဆက်တွဲပြဿနာများဖြစ်သည့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ပြဿနာများနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦလွှမ်းမိုးထက်က တာချီလိတ်ခရိုင်အတွင်း မီးခိုးမြူငွေ့ညမ်းညမ်းမှု ဖြစ်ပေါ်ခဲ့သည့်အခြေအနေများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုကိုအရောင်ဖြင့် အဆင့်သတ်မှတ်ချက်များနှင့် မမြင်နိုင်သောလူသတ်သမား (PM 2.5) ဗီဒီယိုအားပြသခြင်း ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမင်းက မီးလောင်မှုကို ဖြစ်ပေါ်စေသည့်အချက်များ၊ မီးလောင်မှုကြောင့် လူတို့၏အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်ဆုံးရှုံးစေ သည့်အချက်များ၊ မီးကိုစနစ်တကျသုံးစွဲပါက မိတ်ဆွေဖြစ်သလို၊ ပေါ့ဆစွာအသုံပြုပါက ရန်သူဖြစ်စေသည့် အချက်များကိုလည်းကောင်း၊ ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ထွန်း-၃ က သစ်တော၊ သစ်ပင်များမခုတ်ရေး၊ တောင်ယာပြုလုပ်ခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသည့်အပြင် မီးခိုးမြူငွေ့ညစ်ညမ်းမှုများကို ဖြစ်ပေါ်စေသည့်အချက်များကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က ရွေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်းသည် သဘာဝပတ်ဝန်ကျင်ကို ပျက်စီးစေသည့်အတွက် တောင်စောင်းလှေကားထစ်စိုက်ပျိုးနည်းများ၊ ကုန်းမြင့်လယ်ယာစိုက်ပျိုးနိုင်သည့် နည်းလမ်းများနှင့် မိုင်းဖြတ်မြို့နယ်အတွင်း ကုန်မြင့်လယ်ယာပေါင်း (၃၂၀)ကို ဖော်ဆောင်ပေးခဲ့သည့် အချက်များကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေက လမ်းညွှန်အမှာစကားများပြောကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)