ပြင်ဦးလွင် ဇန်နဝါရီ ၃၀
လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရွှေသင်းအခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ရွှေသင်းအခြေခံပညာအထက်တန်းကျောင်းမှ တာ၀န်ရှိသူတစ်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က စာပေဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် စာရေးဆရာကိုရွှေအောင်သင်းက “လူငယ်နှင့် အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။ ဆက်လက်၍ Women Club ဥက္ကဋ္ဌ ဒေါ်ကြူကြူနှင့် မြင့်မြတ်ပညာရေး ဖောင်ဒေးရှင်းမှ ဆရာဟိန်းမင်းဦးတို့က “စာဖတ်ခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။ ထို့နောက် အဆိုပါ ဟောပြောချက်များနှင့်ပတ်သတ်၍ ကျောင်းသား/ ကျောင်းသူများအား မေးမြန်းခဲ့ရာ ကျောင်းသား/ ကျောင်းသူများက မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်၍ မြင့်မြတ်ပညာရေးဖောင်ဒေးရှင်းမှ တာ၀န်ရှိသူများက မေးမြန်းချက်များအား ဖြေကြားပေးသော ကျောင်းသား/ ကျောင်းသူများအား ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် စာရေးဆရာ ကိုရွှေအောင်သင်းက စာအုပ်/ စာစောင်များ ပေးအပ် လှူဒါန်းခဲ့ပြီးနောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ရွှေသင်းအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများအား နံရံကပ်စာစောင်များ၊ သုတ၊ ရသ စာစောင်များ ခင်းကျင်းပြသပေးခြင်းများ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာပေဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ (၂၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သွေးသွေး (ခရိုင်ပြန်/ဆက်)