ခိုလမ်မြို့တွင် မြောင်ဇီး(ခေါ်) မှုန့်တိုင်းရင်းသားများ၏ စုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပ

ခိုလမ် ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့တွင် မြောင်ဇီး(ခေါ်)မှုန့် တိုင်းရင်းသားများ၏ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ခိုလမ်မြို့၊ နောင်ခမ်းကျေးရွာတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့ပါသည်။

အဆိုပါ စုပေါင်းနှစ်သစ်ကူးပွဲတော်တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးမှ နှစ်သစ်ကူး အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြောင်ဇီးတိုင်းရင်းသားလူမျိုးများ တိုးတက်ရေးဦးစီးဆောင်ရွက်သူ ဦးစိုးမင်းမှ မြောင်ဇီး(ခေါ်)မှုန့် လူမျိုးများ၏ သမိုင်းအကျဥ်း၊ စာပေနှင့်စကား၊ ယုံကြည်ကိုးကွယ်မှု၊ ဝတ်စားဆင်ယင်မှု၊ အသက်မွေးဝမ်းကြောင်းပညာ စသည့်အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကာ ကျေးရွာတာဝန်ရှိသူ ဦးပေါက်လုမှ နှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပေးသူများကို ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာသော ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများအား မြောင်ဇီးတိုင်းရင်းသူလေးများမှ တိုင်းရင်းသားရိုးရာ အကများဖြင့် ကပြဖျော်ဖြေခဲ့ပြီး နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ခိုလမ်(ပြန်/ဆက်)