မြစ်သား ဇန်နဝါရီ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် (အဋ္ဌမအကြိမ်) မြို့နယ်သံဃနာယကအဖွဲ့ (၂၅) ရာခိုင်နှုန်း အနားယူခြင်း၊ အစားထိုးရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ နန်းအိမ်သူဓမ္မာရုံ၌ ကျင်းပခဲ့ရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ကျောင်းတိုက်များမှ မြို့နယ်ဝန်ဆောင်သံဃာတော် (၁၁၁) ပါး ကြွရောက်၍ မဲပေးရွေးချယ်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးတွင် သဘာပတိဆရာတော် (မန္တလေးတိုင်းဒေသကြီးသံဃနာယအဖွဲ့-အကျိုးတော်ဆောင်) ချမ်းမြသာစည် မြို့နယ်သာသနဇောတိကာရုံကျောင်းဘုရားကြီးတိုက်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဝါသဝသိရီက အဖွင့်သြဝါဒကထာ မြွက်ကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က သာသနာရေးဆိုင်ရာများကို လျောက်ထားခဲ့သည်။ ထို့နောက် အခမ်းအနားမှူးဆရာတော်က အနားယူခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အရ အနားယူသောဆရာတော်များ၏ ဘွဲ့အမည်များကို ကြေညာ၍ အစားထိုးရွေးချယ်မည့်ဆရာတော် (၃) ပါး၏ ဘွဲ့အမည်များကို သံဃာ့ဆန္ဒရယူ၍ ရွေးချယ်အတည်ပြုခဲ့ကြောင်း သိရသည်။
မြို့နယ်သံဃနာယကအဖွဲ့ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ သံဃာ့ဝန်ဆောင်အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်သာသနာရေးမှူး ဦးကျော်ကျော်ဦး ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မြို့ပေါ် (၆) ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)