သထုံမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

သထုံ ဇန်နဝါရီ ၃၀

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းဆပ်ကော်မတီမှ စီစဉ်ကျင်းပသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က ဘင်လှိုင်ရပ်ကွက်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် သထုံခရိုင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ညိုညိုစိုးက ကလေးသူငယ်၏ အသက်အရွယ်အပိုင်းအခြားနှင့် ကလေးအလုပ်သမား၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ တည်ဆဲဥပဒေအရ ကလေးအလုပ်သမား ခိုင်းစေခြင်းနှင့် ပြစ်မှုပြစ်ဒဏ်များ၊ အလုပ်ရုံ အလုပ်ဌာနများအနေဖြင့် ကလေးအလုပ်သမား အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ သိရှိထားရမည့်အချက်များ၊ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနအနေဖြင့် ကလေးအလုပ်သမားကင်းစင်ရေး ဆောင်ရွက်နေမှုများ စသည်တို့ကို ရှင်းလင်းဆွေးနွေးဟောပြောသည်။

ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူတို့က ကလေးအလုပ်သမားပပျောက်ရေးနှင့်စပ်လျဉ်း၍ သိလိုသည်တို့ကို မေးမြန်းခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ သထုံခရိုင် ကလေးအလုပ်သမားပပျောက်ရေးနှင့် အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ သထုံမြို့နယ်အတွင်းရှိ စက်ရုံအလုပ်ရုံအသီးသီးတို့မှ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)