မိုးချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများ ဓာတ်မြေဩဇာပေးအပ်ပွဲနှင့် ဆောင်းသီးနှံများအတွက် ဓာတ်မြေဩဇာရောင်းချပွဲ အခမ်းအနားကျင်းပ

မြစ်သား   ဇန်နဝါရီ ၃၀       

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ အကျိုးစီးပွားဖြစ်ထွန်းရန်၊ ဝါသီးနှံအထွက်နှုန်းကောင်းမွန်စေရန်နှင့် အရည်အသွေးပြည့်ဝသော ဝါမျိုးကောင်းမျိုးသန့်များရရှိစေရန်အတွက် မိုးချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများ ဓာတ်မြေဩဇာပေးအပ်ပွဲနှင့် ဆောင်းသီးနှံများအတွက် ဓာတ်မြေဩဇာရောင်းချပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်နီလာသန်းက စိုက်ပျိုးထုတ်လုပ်သည့်သီးနှံများ တစ်ဧကအထွက်နှုန်းတိုးအောင် တစ်နည်း အားဖြင့် ပန်းတိုင်အထွက်နှုန်းရအောင် ယခုလိုတောင်သူများအား ဓာတ်မြေဩဇာများပေးအပ်ရခြင်းဖြစ်ကြောင်း၊ ဝါသီးနှံ အထွက်နှုန်းပြည့်ဝရရှိစေရေးအတွက် မျိုးကောင်းမျိုးသန့်များစိုက်ပျိုးပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာဖြစ်တဲ့ပိုက်ဆံလျှော် စိုက်ပျိုးရန်၊ သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာများကို အချိုးအစားအချိန်ကိုက်သုံးစွဲနိုင်ရေးနှင့် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်ကို လိုက်နာကျင့်သုံးရန်၊ ယခုနှစ်မှာဆိုရင် ဝါသီးနှံအထွက်နှုန်းတိုးတက်ရေးသာမက ရရှိလာသော ဝါများအရည်အသွေးပြည့်မီကာ ဝါကြိတ်စက်လုပ်ငန်းရှင်များအဆင်ပြေစေမည့် အရည်အသွေးပြည့်ဝတဲ့ ဝါသီးနှံထွက်ရှိရန်စသည့် ရည်ရွယ်ချက်များဖြင့် တောင်သူများ အကျိုး စီးပွားဖြစ်ထွန်းဖို့အတွက် ဝါသီးနှံအထွက်နှုန်းကောင်းအောင်၊ အရည်အချင်းအရည်အသွေးပြည့်ဝသော ဝါမျိုးကောင်းမျိုးသန့်များရရှိရေးအတွက်တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ချည်မျှင်ရှည်ဝါ ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် တက်ရောက်လာသောတောင်သူများအား ဓာတ်မြေဩဇာများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး ဆောင်းသီးနှံအတွက် ဓာတ်မြေဩဇာများရောင်းချခဲ့သည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်နီလာသန်း၊ မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ငြိမ်းထွေး၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်နှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ရဲနိုင်ဦး(ပြန်/ဆက်)