ရန်ကုန် ဇန်နဝါရီ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၂၈ ရက် နံနက် (၉) နာရီက အင်းစိန်မြို့နယ်ရှိ ရပ်ကွက်များအတွင်း သတ်မှတ်နေရာများတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို အင်းစိန်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီစိုးနှင့်ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာစေပြီး ဇီဝဆိုင်ရာအချက်အလက်စိစစ်ကောက်ယူ၍ Data base တွင် သိမ်းဆည်း၍ မတူညီဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ကတ်ပြားများကို နေ့ချင်းပြီးထုတ်ပေးလျက်ရှိသည်။
အဆိုပါလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် ပိုမိုမြန်ဆန်လာစေရန်၊ မြန်မာနိုင်ငံအတွင်းနေထိုင်သူများကို စိစစ်နိုင်သည့်တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေးရန်နှင့် Onlineစနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေသည့် အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်းစစ်ဆေးနိုင်မည့် အခြေခံစနစ် တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)