၂၀၂၄-၂၀၂၅ ပညာသင်နှစ် မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း ပညာရည်ချွန်ဆုပေးပွဲနှင့် ပဒေသာကပွဲ အခမ်းအနားကျင်းပ

ကျောက်ဆည် ဇန်နဝါရီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ယမန်နေ့မွန်းလွဲ(၁)နာရီက ၂၀၂၄-၂၀၂၅ ပညာ သင်နှစ် မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း ပညာရည်ချွန်ဆုပေးပွဲနှင့် ပဒေသာကပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မှ ပါမေက္ခချုပ် ဦးအောင်ဆန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်အုပ်ချုပ်သူ ဒေါ်သင်းပျံ့ကြူက ပညာရည်ချွန်ဆုပေးပွဲနှင့် ပဒေသာကပွဲ အခမ်းအနားကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် MITTA International School မှ Primary-4,5,6 နှင့် Secondary 1 တွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ပါမေက္ခချုပ် ဦးအောင်ဆန်းဦးနှင့်တာဝန်ရှိသူတို့က ဆုများချီးမြှင့်ခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးအောင်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်အုပ်ချုပ်သူ ဒေါ်သင်းပျံ့ကြူနှင့်  တာဝန်ရှိသူတို့က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့်၊ ပြိုင်ပွဲများနှင့် လူရည်ချွန် ထူးချွန်ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-3 မှ Grade-11 အထိ ပညာထူးချွန်သူများ၊ တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့် အောင်မြင်သူများနှင့် ဂုဏ်ထူးဖြင့်အောင်မြင်အောင် သင်ကြားပေးသော ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက “နပန်းဆံ”၊ “ယိမ်းသမ”၊ “ဂျိန်းဖော”၊ အကများဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက “မေတ္တာပန်းများမွှေးစေသတည်း”၊ “ဒုံယိမ်းည”၊ “ခေတ်(၅)ခေတ်”၊ “စိန်အိုးစည်”၊ “ကျီစားသလား” စသည့်အကများ၊ သီချင်းများဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက “လေယာဉ်ပျံ” ပြဇာတ်တို့ဖြင့် ဧည့်ခံဖျော်ဖြေခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

သက်မောက်(ကျောက်ဆည်)