မောက်မယ်မြို့နယ်၌ ဝါကျွတ်ပွဲ(ခေါ်) ကောက်သစ်စားပွဲ ကျင်းပ

မောက်မယ် ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဆီဆုံရပ်ကွက်ရှိ မောက်စံဘုန်းတော်ကြီးကျောင်း၌ မြို့နယ်သံဃာ့နာယကဥက္ကဌဆရာတော်မှ ကြီးမှူးကျင်းပသည့်  ရှမ်းရိုးရာဓလေ့ထုံးတမ်းစဉ်လာများအရ အဆိုပါမောက်စံဘုန်းတော်ကြီးကျောင်းတွင် ဝါကျွတ်ပွဲ(ခေါ်) ကောက်သစ်စားပွဲကို ယမန်နေ့ ညနေ ၆ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုဝါကျွတ်ပွဲ(ခေါ်)ကောက်သစ်စားပွဲတွင်  မြို့နယ်အတွင်းရှိရပ်ကွက်နှင့်  ကျေးရွာအုပ်စုရှိကျေးရွာများက အလှူပစ္စည်းများထည့်ဝင်ထားသည့် ပဒေသာပင်များဖြင့် ရှမ်းရိုးရာဘုံမောင်းများတီး၍ ထိုကျောင်းအား လှည့်လည်ပူဇော်ခံကန်တော့ကြပြီး ပျော်ပွဲရွှင်ပွဲများဖြင့်လည်းကောင်း ညပိုင်းတွင် ဆီဆုံရပ်ကွက် လူငယ်လေးများက တိုင်းရင်းသားရိုးရာအလှအကများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ယနေ့နံနက် ၇ နာရီတွင် ပင့်ဖိတ်ထားသည့် သံဃာတော်များအား အာရုဏ်ဆွမ်းနှင့်ဘောဇဉ်၊ ခဲဖွယ်များ ဆက်ကပ်လှူဒါန်းကာ ပူဇော်ကန်တော့ကြပြီး ရေစက်သွန်းချအမျှပေးဝေကာ ရပ်ဝေးရပ်နီးမှကြွရောက်လာကြသော ဓမ္မမိတ်ဆွေများတို့အား အကျွေးအမွေးဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)