တောင်ကြီးမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

တောင်ကြီး ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း  မြသီရိခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသည့် အခန်းကဏ္ဍကနေပါဝင်ပါကြောင်း၊ ကျွန်တော်တို့နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ရာတွင် အနာဂတ်ခေါင်းဆောင်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်နေရန်နှင့် အသိပညာ၊ ဗဟုသုတများ ပြည့်ဝနေရန် အထူးလိုအပ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အခြေခံပညာကျောင်းတွေကို အခြေခံပြီး စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွေကို  ရှမ်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းလုံး ကျင်းပဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပွဲတော်ကနေရရှိခဲ့သည့် စာဖတ်ခြင်းအလေ့အကျင့်ကောင်းတွေကို မိမိတို့ဘဝတစ်လျှောက်လုံး အလေ့အကျင့်ဖြစ်သွားအောင် မိမိကိုယ်တိုင်ပျိုးထောင်မွေးမြူပေးကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ရှမ်းတိုင်းရင်းသားရိုးရာအကဖြင့်လည်းကောင်း ကျောင်းသူတစ်ဦးက "တစ်ပင်တိုင်အကဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ပြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ဟောပြောဆွေးနွေးပေးခဲ့ကြသည့် စာပေပညာရှင်များနှင့် အကဲဖြတ်အမှတ်ပေးခဲ့ကြသည့် အကဲဖြတ်ဒိုင်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

ယင်းနောက် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကာယ၊ ဥာဏပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများက သရုပ်ပြတင်ဆက်ကာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "ပညာဘဏ်တိုက် စာကြည့်တိုက်" သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

စိုင်းသန်းကျော်