(၇၈) နှစ်မြောက်၊ ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် လယ်‌ဝေးမြို့နယ်၊ ကန်လှကျေးရွာ ရွှေကန်လှစာကြည့်တိုက် အဆောက်အဦအသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

လယ်ဝေး ဇန်နဝါရီ ၃၀

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကန်လှကျေးရွာ “‌ရွှေကန်လှ”စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊ နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဦးမင်းဦး၊ ဦးဟန်သူ၊ ဦးခင်မောင်လတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရွှေကန်လှစာကြည့်တိုက်အဆောက်အဦအသစ်ကို နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် ကျေးရွာရပ်မိရပ်ဖ ဦးသိန်းနွယ်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လူ့အရင်းအမြစ်များကို အခြေခံ၍ စနစ်တကျ ပြုစုပျိုးထောင်ရမည်ဖြစ်ပြီး တာဝန်ရှိသူအားလုံးက လူငယ်၊ လူရွယ်များအား အဓိက ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင်ပေးကြရမည်ဖြစ်ပါကြောင်း၊ လူငယ်များအပါအဝင် ပြည်သူများ စာဖတ်ကြစေရန်၊ စာပေလေ့လာဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရန်၊ မိမိတို့နိုင်ငံ၏ နေထိုင်မှုပုံစံအနေဖြင့် ကျေးလက်ဒေသတွင် နေထိုင်သူဦးရေမှာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသည့်အတွက် ယခုလို ကျေးရွာများအရောက် စာကြည့်တိုက်များ အသစ်ဆောက်လုပ်ခြင်း၊ ရှိနှင့်ပြီးသား ကျေးရွာစာကြည့်တိုက်များအား ပြန်လည်ပြင်ဆင်ပေးခြင်း၊ စာအုပ်စာစောင်များ ဖြည့်ဆည်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ “နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ”အနေဖြင့်လည်း ဗဟိုကချမှတ်ထားသည့် လုပ်ငန်းစဉ် (၄)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းမှ အသိပညာဗဟုသုတများစွာ ရရှိနိုင်သဖြင့် ကျေးလက်နေပြည်သူများအနေဖြင့်လည်း စာအုပ်စာပေကို မြတ်နိုးပြီး တန်ဖိုးထား ဖတ်ရှုကြရန်လိုအပ်ပါကြောင်း၊ စာအုပ်စာပေလေ့လာဖတ်ရှုရာတွင် ဖတ်ရှုရုံသက်သက်မဟုတ်ဘဲ ဖတ်သမျှကို မှတ်သားခြင်း၊ မှတ်သားမိသမျှကိုလည်း ပြန်လည်မျှဝေဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ အမှား/အမှန်ကို ဝေဖန်သုံးသပ်နိုင်ကာ အသိပညာဗဟုတကြွယ်ဝပြီး နောင်တစ်ချိန်တွင် တိုင်းပြည်က အားကိုးအားထားပြုရမည့် နိုင်ငံ့သားကောင်းများအဖြစ် ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက စာကြည့်တိုက်ဆိုင်ရာအချက်အလက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရထံ လွှဲပြောင်းပေးအပ်ပြီး နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးမင်းဦး၊ ဦးဟန်သူနှင့် ဦးခင်မောင်လတ်တို့က စာကြည့်တိုက်အတွက်အလှူငွေများ၊ စာအုပ်စာစောင်များနှင့် MRTV DTH စလောင်းနှင့် MRTV DVB- T2 Set Top Box တစ်စုံကို လည်းကောင်း၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ပေးအပ်ကာ စာကြည့်တိုက်အတွင်း ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ စာပေဖတ်ရှုလေ့လာနေမှုနှင့် စာအုပ်စာစောင်များ ထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စာကြည့်တိုက် စုစုပေါင်း ၅၈ တိုက် ဆောက်လုပ်ရန် လျာထားလျက်ရှိရာ ဆောက်လုပ်ပြီးစီးသည့် စာကြည့်တိုက် စုစုပေါင်း ၂၄ တိုက် ဆောက်လုပ်ပြီးစီးခဲ့သည့် အနက် ၁၂ တိုက်ကို ဖွင့်လှစ်ပြီးစီးခဲ့ပြီးဖြစ်ပြီး ယနေ့ဖွင့်လှစ်ခဲ့သော ရွှေကန်လှစာကြည့်တိုက်မှာ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ဆောက်လုပ်ရန်ကျန်ရှိသည့် စာကြည့်တိုက်များကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များသည် လယ်ဝေးမြို့နယ် အောင်းကြီးကုန်းကျေးရွာလမ်းခွဲမှ ဂုဏ်မင်းမြှောင်ကျေးရွာအထိ လမ်းအရှည် တစ်မိုင်အား ထု ၆ လက်မ၊ လမ်းအကျယ် ၁၂ ပေရှိ ကွန်ကရစ်လမ်းခင်းရန် စတင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာလမ်းဦးဌာန၊ ကြီးကြပ်ရေးအဖွဲ့(နေပြည်တော်)မှ တာဝန်ရှိသူများက လမ်းအလွှာအလိုက်ခင်းကျင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

အဆိုပါ လမ်းပြီးစီးပါက  ကျေးရွာအုပ်စု ခုနစ်အုပ်စုအတွင်းရှိ ကျေးရွာ ၃၅ ရွာ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)