သထုံ ဇန်နဝါရီ ၂၉
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပရိယတ္တိသာသနာ့၀န်ဆောင်ဆရာတော်များဦးဆောင်၍ နှစ်စဉ်ကျင်းပသည့် ရန်အောင်မြင်ပရိယတ္တိသာသနာ့ဟိတအသင်းကြီး၏ ပရိယတ္တိသာသနာ့ပါလစာမေးပွဲကို ယခုနှစ်၌ ဧကဒဿမအကြိမ်မြောက်အဖြစ် ယနေ့မွန်းတည့်(၁၂)နာရီအချိန်မှစတင်ကာ သိမ်ကုန်းရပ်ကွက်ရှိ ရန်အောင်မြင်ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
စာမေးပွဲဖြေဆိုရာတွင် ဥပစာတန်း၌ ၃၆၇ ပါး၊ ဥပစာအငယ်တန်း၌ ၃၅၈ ပါး၊ ဥပစာအလတ်တန်း၌ ၃၃၇ ပါး၊ ဥပစာအကြီးတန်း၌ ၂၀၆ ပါး၊ စုစုပေါင်း သံဃာတော်နှင့် သီလရှင် ၁၂၆၈ ပါးတို့က အဆင့်အလိုက် ဖြေဆိုတော်မူကြပြီး စာဖြေသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ပရိယတ္တိသာသနာ့၀န်ဆောင်ဆရာတော်ကြီးများအဖွဲ့မှ ကြီးကြပ်ရေးဆရာတော်များနှင့် ကြီးကြပ်ရေးအဖွဲ့ဝင်လူပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများတို့က ကြီးကြပ်စောင့်ရှောက်ပေးကြကာ အလှူရှင်များတို့က အချိုရည်များ၊ လှူဖွယ်၀တ္တုများ ဆပ်ကပ်လှူဒါန်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်းစသည့် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါစာမေးပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယင်းစာမေးပွဲ၏ စာအောင်ပုဂ္ဂိုလ်များအား လာမည့်ဖေဖော်ဝါရီလ ၅ ရက်နေ့၌ ရန်အောင်မြင်ပရိယတ္တိသာသနပါလအသင်းမှ ဦးဆောင်၍ စာအောင်ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်