ဆိပ်ကြီးခနောင်တိုမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အခြေခံပန်းကြယ်သီးထိုးနည်းနှင့် သဇင်ပန်းထိုးနည်း သင်တန်းဖွင့်လှစ်

ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှဖွင့်လှစ်သည့် အခြေခံပန်းကြယ်သီးထိုးနည်းနှင့် သဇင်ပန်းထိုးနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဆိပ်ကြီးခနောင်တို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဒေါ်ဇာဇာယမင်းဦးက သင်တန်းဖွင့်လှစ်သင်ကြားရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ပန်းကြယ်သီးထိုးနည်းနှင့် သဇင်ပန်းထိုးနည်း သင်ကြားပေးနေမှုအားကြည့်ရှုအားပေးသည်။ အဆိုပါ သင်တန်းကို အမျိုးသမီးများ၏ဘဝအခြေအနေ တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းပညာအဖြစ် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ရာ သင်တန်းသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ သင်တန်းသူ ၂၀ ဦး တက်ရောက် သင်ကြားလျက်ရှိသည်။

ဆက်လက်ပြီး ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဆိပ်ကြီးအရှေ့ရပ်ကွက်၊ ပဏ္ဍိတာရာမစလင်းကျောင်းတိုက်တွင် ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲသို့ရောက်ရှိပြီး ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာသီတာတင်ဝင်းက မကူးစက်တတ်သော နာတာရှည်ရောဂါများအကြောင်းနှင့် ကူးစက်တတ်သော နာတာရှည်ရောဂါများအကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဦးထွန်းအိုရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ကျောင်းသား၊ ကျောင်းသူများအား ပတ်ဝန်းကျင်သန့်ရှင်းရေး ကျန်းမာရေးအသိပညာပေးဟောပြောပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)