ချမ်းမြသာစည် ဇန်နဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း နေ့လယ်စာအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြသည်။
အာဟာရကျွေးမွေးရာ၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၃၄)ကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၇၂၂) ဦးတို့အား ကျန်းမာသန်စွမ်းပြီး အာဟာရ ပြည့်ဝစေရန် အသားဓါတ်၊ ကစီဓါတ်၊ အဆီဓါတ်၊ ဗီတာမင်ဓါတ်၊ သတ္တုဓါတ်နှင့်ရေဓါတ်စသည် တို့ပါဝင်သော အာဟာရဖြစ်စေမည့် ထမင်း၊ ရွှေဖရုံသီဟင်း၊ ပဲဝါလေးဟင်း၊ ကြက်ဥ၊ ဖီးကြမ်းငှက်ပျောသီးစသည့် စားသောက်ဖွယ်ရာများအား ကျွေးမွေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါကျောင်းတွင်း နေ့လယ်စာအာဟာရ ကျွေးမွေးရာနေရာများသို့ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းမြင့်၊နှင့် ဆရာ/ဆရာမများ၊ ကျန်းမာရေး၀န်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများက သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
ချမ်းမြေ့